မိမိပြောစကားကို လိုရာဆွဲအသုံးချခြင်းဖြစ်ကြောင်း သီတဂူဆရာတော် မိန့်ကြား

2014-01-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ညီလာခံ ကျင်းပနေစဉ်
ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ညီလာခံ ကျင်းပနေစဉ်
Photo: U Wira Thu Facebook

မန္တလေးမြို့ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးမှာ အခုလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ဖွဲ့စည်းခြင်းနဲ့ သြဝါဒခံယူပွဲမှာ သီတဂူဆရာတော် အရှင်ဉာဏိဿရ က လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို မဲမပေးဘဲ  သမ္မတ ဦးသိန်းစိန်ကို မဲပေးကြဖို့ သြဝါဒပေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လိုရာကိုဆွဲယူ အသုံးချမှုကြောင့် ပေါ်ပေါက်ခဲ့ရ တာဖြစ်ကြောင်း သီတဂူဆရာတော် အရှင်ဉာဏိဿရ က RFA ကို မိန့်ကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံးက သံဃာတော်တွေ သောင်းနဲ့ချီတက်ရောက်တဲ့ အဲဒီညီလာခံကို ရောက်ရှိနေစဉ်အတွင်း အလွတ်သဘော မိမိဆွေးနွေးခဲ့တာတွေထဲက စကားတချို့ကို သံဃာတစ်ပါးက သူလိုသလို ဆွဲယူမိန့်ကြားခဲ့တဲ့အတွက် အင်တာနက် စာမျက်နှာတွေ အပါအဝင် လူထုကြားမှာ အခုလိုရုတ်ချည်း ပျံ့နှံ့သွားခဲ့ရတာဖြစ်တယ်လို့ ဆရာတော်ကြီးက  သောကြာနေ့ မနေ့က မိန့်ကြားခဲ့ပါတယ်။

"ဒီသံဃာ ၃ သောင်းတက်တဲ့ အစည်းအဝေးကြီးမှာ အလွတ်သဘော ဝိုင်းထိုင်ပြီးတော့ ပြောကြ တဲ့နေရာတွေမှာကတော့ ဟေ့ကြံ့ခိုင်ဖွံဖြိုးရေးက အခြေခံဥပဒေကိုသာ မပြင်ဘူး၊ ဒီအတိုင်းပဲ သွားမယ်ဆိုရင်တော့ ဒီသမ္မကြီးနဲ့ပဲ တို့သွားရမှာပဲ၊ အခြေခံဥပဒေ ပြင်လိုက်ရင်တော့ တို့သမ္မတအသစ် ရမှာပဲ၊ မပြင်ဘူးဆိုရင်တော့ သမ္မတကြီးဦးသိန်းစိန်ကိုတော့ ဆက်လက်အားပေးသွား တာကောင်းတယ်၊ ပြင်လိုက်ရင်တော့ ပြင်တဲ့အတိုင်း တို့သမ္မတအသစ်နဲ့ သွားကြရမှာပေါ့၊ သမ္မတအသစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖို့ အလားအလာရှိတယ် စသဖြင့် အလွတ်သဘောတွေ ဝိုင်းပြီးပြောနေတာ၊ အဲဒီအထဲက စကားလုံးလေးတစ်လုံးကို ကောက်ပြီးတော့ ရခိုင်ဆရာတော်တစ်ပါးက သူ့ခံစားချက်ရှိမှာပေါ့၊ အဲဒါလေးကို၊ ဘုန်းကြီးကိုအသုံးချပြီးတော့ ပြော သွားတာ၊ အဲဒီဥစ္စာပြန့်ကျဲသွားတာ"

ဒါ့အပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါက မည်သည့်ပုဂ္ဂိုလ်ပဲသမ္မတအဖြစ် တာဝန်ထမ်းဆောင်သည်ဖြစ်စေ တိုင်းပြည်တိုးတက်မှာ မဟုတ်ကြောင်းဖြင့်လည်း သီတဂူဆရာတော်က RFA ကို မိန့်ကြားပါတယ်။

"ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးဆိုရင်၊ ညီညွှတ်ရေးကိုလည်း မတည်ဆောင်နိုင်ဘူး ဆိုခဲ့ရင်တော့ အဲဒါဘယ်လောက်ကောင်းတဲ့ သမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ပဲတက်တက်၊ ဦးသိန်းစိန်ပဲလာလာ၊ ဦးရွှေမန်းပဲလာလာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်မယ့် ပိုက်ဆံတွေဟာ သေနတ်ကျည်ဆန်တွေနဲ့ပဲ အချိန်ကုန်သွားကြမှာပဲ၊ နိုင်ငံတော်အတွက် အလုပ်လုပ်မယ့် လူသားတွေဟာ တိုက်ပွဲမှာသေဆုံးပြီးတော့ အများကြီး ဝမ်းနည်းစရာတွေဖြစ်ကုန်မှာ၊ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့အဆင့်ထဲမှာ တည်ဆောက်ဖို့ ဆိုတာကိုတော့ တို့များက အလေးအနက် တမျိုးသားလုံးကို တိုက်တွန်းချင်တယ်"

မန္တလေးသံဃာ့ ညီလာခံမှာ မိမိအနေနဲ့ သာသနာပြုလုပ်ငန်းတွေကို လူမှုရေးလုပ်ငန်းတွေနဲ့အတူ တွဲဖက်ဆောင်ရွက်ရေး၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ် သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ကူညီရေးနဲ့ ဘာသာလူမျိုးမတူညီသူတွေအကြား နားလည်ချစ်ကြည်လေးစားစွာ အတူတကွယှဉ်တွဲနေထိုင်ရေးစတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုင်ရာ အချက် ၃ ချက်ကို အဓိက ဟောကြားခဲ့တယ်လို့လည်း သီတဂူဆရာတော်ကြီးက မိန့်ကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့