စစ်တွေ အောင်မင်္ဂလာရပ်နေ မွတ်စလင်ဦးရေ ပြည်နယ် အစိုးရကောက်ခံနေ


2016-05-22
Share
sittawe-cityboad-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့ကို တွေ့ရစဉ်
Photo:Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင်တွေ လူဦးရေစာရင်းကို ပြည်နယ် အစိုးရက ဒီနေ့ ဆက်လက်ကောက်ယူခဲ့ပါတယ်။

ကောက်ယူရရှိတဲ့ လူဦးရေစာရင်းတွေကို အရင်ရှိခဲ့တဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူး ဦးဝင်းလွင်က ပြောပါတယ်။

"သက်ဆိုင်ရာကနေပြီးတော့ ကျနော်တို့ ကောက်လိုက်တဲ့အခါမှာ ရပ်/ကျေးအဖွဲ့တို့၊ လ.ဝ.ကတို့ နောက် ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စသည်ဖြင့် အဘက်ဘက်ကနေ လက်မှတ်ရေးထိုးပြီးတော့ ကျနော်ဆီကိုပို့လိုက်တယ်၊ ပို့လိုက်တာကိုမူတည်ပြီးတော့ ကျနော်တို့ဆီမှာရှိတဲ့ အိမ်ထောင်စုစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့မှ လူဦးရေ မှန်ကန်မှု ရှိ မရှိ ပြန်စစ်ဆေးပါတယ်၊ အဲ့အပေါ်မူတည်ပြီးတော့ မှ နောက်ဆုံးမှာ ဒီဘက်ကနေပြီးတော့ စာရင်းအချုပ်ကို ကျနော်တို့ ပြန်ပြီးလုပ်မှာဖြစ်ပါတယ်"

စစ်တွေမြို့ခံ ရဟန်းသံဃာတော်တွေနဲ့ ဒေသခံတွေက အောင်မင်္ဂလာရပ်ကွက်ထဲမှာ မွတ်စလင်ဦးရေများလာတယ် ဆိုပြီး မြို့ပြင်ကိုပြောင်းရွှေ့ပေးဖို့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ပြည်နယ်အစိုးရကို လက်မှတ်ရေးထိုး တင်ပြခဲ့ကြ တာကြောင့် ပြည်နယ်အစိုးရက လူဦးရေစာရင်း ကောက်ယူနေတာဖြစ်ပါတယ်။

လူဦးရေစာရင်းကို မနေ့ကစတင်ကောက်ယူခဲ့ရာမှာ ရာသီဥတုအခြေအနေတွေကြောင့် ရပ်နားထားခဲ့ရတာဖြစ်ပြီး ဒီနေ့ ဆက်လက်ကောက်ယူခဲ့တာဖြစ်ပါတယ်။

လ.ဝ.က စာရင်းတွေအရ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်သူ ၄ဝဝဝ ကျော်လောက် ရှိနေတာဖြစ်ပြီး အခုကောက်ယူနေတဲ့ လူဦးရေစာရင်း တွေ့ရှိချက်တွေကိုတော့ မသိရသေးပါဘူး။ ပြည်နယ်အစိုးရက ကောက်ယူ ပြီးစီးတဲ့နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

မနေ့က လူဦးရေစာရင်း စတင်ကောက်ယူနေတာတွေကို စာရင်းကောက်ယူတဲ့အဖွဲ့တွေက သတင်းမီဒီယာ သမားတွေကို သတင်းယူခွင့် တားမြစ်ခဲ့ပေမယ့် ဒီနေ့မှာ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့