စစ်တွေမြို့က ဆန္ဒပြပွဲအတွက် ရခိုင်ပြည်နယ် USDP က ငွေနဲ့ လူအင်အားပါဝင်


2017.08.13
sittwe-residents-protest-622.jpg ရခိုင်ပြည်နယ်လုံခြုံရေးအတွက် ရဟန်းသံဃာတော်တွေ ဦးဆောင်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆန္ဒထုတ်ဖော်နေစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ ပြည်နယ်လုံခြုံရေးအတွက် ဒီကနေ့ တပြိုင်တည်းဆန္ဒပြပွဲတွေ ပြုလုပ်နေရာမှာ စစ်တွေမြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲအတွက် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးန့ဲ ဖွံ့ဖြိုးရေးပါတီက ငွေကျပ် ၁၀ သိန်း ထောက်ပံ့လှူဒါန်းပြီး လူအင်အားပါ ပူးပေါင်းပါဝင်ထားတယ်လို့ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဒေါက်တာစန်းရွှေ က ပြောပါတယ်။

စစ်တွေမြို့ ရဟန်းပျိုများအဖွဲ့ကို ဆန္ဒပြပွဲရန်ပုံငွေအဖြစ် ထောက်ပံ့လှူဒါန်းထားတာဖြစ်တယ်လို့ ပြည်နယ်ပါတီ ဥက္ကဌ ဒေါက်တာစန်းရွှေ က ပြောပါတယ်။

"ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ပါတီတွေကို ကမ်းလှမ်းထားပါတယ်  ရဟန်းပျိုများအဖွဲ့က ပူးပေါင်းပါဝင်ဖို့ အတွက် လူထုဆန္ဒထုတ်ဖော်ပွဲအတွက်  ရန်ပုံငွေလေးဘာလေး လိုအပ်တယ်ဆိုတဲ့အတွက် ကျနော်တို့ က ထောက် ပံ့ပေးတဲ့အနေနဲ့  လှူဒါန်းပေးတဲ့သဘောပါပဲ၊ ကျနော်တို့ပါတီက ဦးဆောင်တာတော့ မဟုတ်ပါဘူးခင်ဗျ၊  ကျနော်ဥက္ကဌအနေနဲ့ ပါတီကိုယ်စားပေါ့လေ လှူဒါန်းတာ၊ ပမာဏက ငွေ ၁၀ သိန်းပါ၊  ဒီက ဦးဆောင်တဲ့ ရဟန်းပျိုများအဖွဲ့ကို လှူလိုက်တာ"

ပါတီဗဟိုဌာနချုပ်ဘက်ကလည်း ပါတီရဲ့မူဝါဒအတိုင်း အမျိုးသားရေးအကျိုးအတွက် လွတ်လွတ် လပ်လပ်လုပ်ကိုင်ဖို့ ခွင့်ပြုထားတယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို ရခိုင်ပြည်နယ်က ရဟန်းသံဃာတော်တွေ ဦးဆောင်ပြီး စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ် ၁၅ ခုမှာ ကျင်းပကြတာဖြစ် ပါတယ်။

ရသေ့တောင်မြို့နယ်ထဲက ကျေးရွာအုပ်စု ၁၁ ခုကိုလည်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားရသလို လက်ရှိမှာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ က လုံခြုံရေးအင်အားတိုးမြှင့်ဆောင်ရွက်ပေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။