ကမန်အမည်နဲ့ မှတ်ပုံတင်ထုတ်ပေးမှု စစ်တွေမှာ ဆန္ဒပြ


2018.11.25
sittwe-monks-protest-622.jpg ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးတာ၊ လက်ထောက်ကျောင်းဆရာတွေအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတာတွေကို ကန့်ကွက်ကြောင်း ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြခဲ့စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးတာ၊ လက်ထောက်ကျောင်း ဆရာတွေအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတာတွေကို ကန့်ကွက်ကြောင်း စစ်တွေမြို့မှာ သံဃာတော်တွေနဲ့ ဒေသခံ ၂၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အစိုးရဲ့လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိသလို တည်ဆဲဥပဒေတွေကို ကျော်လွန်နေတဲ့အတွက် အခုလို ကန့်ကွက်တာလို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။

ရမ်းဗြဲမြို့နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ညီသူတွေကို နိုင်ငံသားပေးရမှာဖြစ်ပေမယ့် ကမန်မဟုတ် သူတွေကို ကမန်တိုင်းရင်းသားအဖြစ် လိမ်လည်ပြီးလျှောက်ထားချက်တွေကို အတည်ပြုပြီး နိုင်ငံသားပေးတာ ကိုတော့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

မောင်တောဒေသမှာ နိုင်ငံသားအဖြစ် အသိအမှတ်မပြုရသေးတဲ့ မွတ်စလင်လူငယ်တွေကို အစိုးရ သင်ကြားရေး လက်ထောက် ကျောင်းဆရာတွေအဖြစ် ခန့်အပ်ဖို့ကိစ္စဟာလည်း တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။

မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ တိတိကျကျစိစစ်ပြီး နိုင်ငံသားဖြစ်တဲ့သူတွေကို ရခိုင်ပြည်နယ်တစ်ခုတည်းမှာ ပိတ်လှောင်မထားဖို့လိုအပ်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဒါ့အပြင် မွတ်စလင်တွေကို မောင်တောတောင်ပိုင်းဒေသမှာ ပြန်လည်နေရာမချထားဖို့နဲ့ ခိုးဝင်နေတဲ့ မွတ်စလင်တွေ ကို သက်ဆိုင်ရာက အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ မောင်တောဒေသခံတွေရဲ့ တောင်းဆိုချက်ကို ထောက်ခံကြောင်းလည်း ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြသံဃာတပါးကလည်း ဘင်္ဂလီတွေကို ပြန်လက်ခံလို့ နိုင်ငံနဲ့ ပြည်သူအပေါ် ဘာအကျိုးအမြတ်မှ ရရှိမှာမဟုတ်ကြောင်း မိန့်ခဲ့သလို၊ ဆန္ဒပြကော်မတီအဖွဲ့ဝင်တဦးကလည်း အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဥပဒေမဲ့ခိုးဝင်လာသူတွေကို တိတိကျကျ အရေးယူသင့်ကြောင်းပြောဆိုတယ်လို့ AFP သတင်းတရပ် က ဖေါ်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ညှိနှိုင်းခဲ့ကြပေမဲ့ အဆင်မပြေခဲ့ပဲ၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဒုက္ခသည်ပြန်ပို့ရေး စတင်ခဲ့ပေမဲ့ ပြန်သွားလိုသူတဦးမှ မရှိခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။