ရခိုင် အမ်းမြို့ရေဘေး ၆ ဦးသေ ဆုံး၊ နေအိမ် ၂၀၀ ကျော်ပျက်စီး


2015.07.01
flooding-rakhine-620 ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၂၆ ရက်နေ့က ရေကြီးရေလျှံဖြစ်နေတာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့အပတ်က မိုးအဆက်မပြတ်ရွာတာကြောင့် ကျေးရွာပေါင်း ၁၈ ရွာနဲ့ မြို့ပေါ် ရပ်ကွက် ၃ ခုက နေအိမ်အလုံးပေါင်း ၂၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ တပ်မတော်သား တစ်ဦးအပါအဝင် ရေနစ်မြုပ်မှုကြောင့် လူ ၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

အမ်းမြို့နယ်က ဒေသခံ ၇၀၀ လောက်က နီးစပ်ရာ အဆောက်အဦးတွေမှာ ယာယီခိုလှုံနေကြတယ်လို့ အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်းက ပြောပါတယ်။

"ကျေးရွာ ၃၀ ကျော်လောက်မြုပ်သွားပါတယ်၊ ဒါပေမယ့် စာရင်းလိုက်ကောက်လိုက်တော့ အိမ်ပြိုသွားတဲ့ရွာ ၁၈ ရွာနဲ့ ရပ်ကွက် ၃ ခုရှိပါတယ်၊ ရွာ ၁၈ ရွာမှာ အိမ်က စုစုပေါင်း ၁၅၃ အိမ်ရှိပါတယ်၊ တိုင်ကနေကျွတ်ပြီးပါသွား တာပါ၊ တစ်ဝက်စီပြိုသွားတဲ့ အိမ်က ၄၀ ကျော်ရှိပါတယ်၊ နောက်ပြီးတော့ ဆိုင်ခန်းတွေ မှာ ရေဝင်ပြီးဆုံးရှုံး တာတွေက ဆိုင်ခန်းပေါင်း ၃၀ ကျော်ရှိပါတယ်၊ လတ်တလော မိသားစုတွေက နီးစပ်ရာအိမ်မှာ နေကြပါတယ်"

စခန်းမော်၊ လုံးရွာ၊ ပြောင်းခြောက်၊ တိုက်မော်၊ ပဲပဒုံ စတဲ့ ကျေးရွာတွေမှာ ပျက်စီးမှု အများဆုံးဖြစ်ပြီး ဒေသခံတွေ ကိုကူညီဖို့ အလှူရှင်တွေထံ အကူအညီတောင်း ထားတယ် လို့လည်း ဦးစိုးသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တစ်ပတ်ကြာ ရွာသွန်းခဲ့တဲ့မိုးကြောင့် ဇွန်လ ၂၆ ရက်နေ့မှာ အမ်းမြို့နယ်က တစ်ချို့ကျေးရွာတွေ မှာ ရေအမြင့်ပေ ၂၀ ကျော်အထိ မြင့်တက်သွားခဲ့ပါတယ်။

ရေကျသွားပြီဖြစ်ပေမယ့် ကျေးရွာအတော်များများမှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲဖြစ်နေတယ် လို့လည်း အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။