ဖယ်ခုံ NLD အမတ်အပါအဝင် ခြောက်ဦး ထောင်တစ်သက်နဲ့ သေဒဏ်ချခံထားရ
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပီတယ်အောင်နဲ့ NLD ပါတီဝင်တွေဖြစ်ကြတဲ့ ဦးလိုင်ကြူနဲ့ ဦးမောင်တက်တို့ကို လွိုင်လင်ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဇွန်လက ထောင်တစ်သက်တစ်ကျွန်းချမှတ်လိုက်သလို ဖယ်ခုံဒေသခံတွေဖြစ်တဲ့ ဦးမောင်ခုံး၊ ဦးမောင်ငြိမ်းနဲ့ ဂျိုးဇက်တို့ကတော့ တောင်လေးလုံး အကျဉ်းထောင်တရားရုံးမှာ သေဒဏ်ချမှတ်ခံထားရတယ်လို့ အကျဉ်းကျခံနေရသူတွေ အကြောင်း စာရင်းပြုစုနေတဲ့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က RFA ကို ဒီနေ့ပြောပါတယ်။
အမိန့်ချခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်တာ မရှိတာကြောင့် အခုမှ အတည်ပြုနိုင်တာလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူက ပြောပါတယ်။
"အဖမ်းခံရတာက နှစ်ဖွဲ့ပေါ့နော်။ ဦးပီတယ်အောင်ပါတာက တစ်ဖွဲ့၊ ဦးမောင်ခုံးပါ တာက တစ်ဖွဲ့ပေါ့။ ဦးပီတယ်အောင်ကျတော့ PDF ခေါင်းဆောင်ဆိုပြီး ဖမ်းခံရတာ။ နောက်တစ်ဖွဲ့ကျတော့ ပြီးခဲ့တဲ့နှစ်က ဖယ်ခုံမှာ စစ်တပ်အရာရှိနဲ့ တပ်သား နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ အဖမ်းခံထားရတာ။ အမိန့်ချတာ ပြီးခဲ့တဲ့လကလို့ ပြောပေမယ့် ကျနော်တို့ အခုမှ သိရတာ"
ဖယ်ခုံမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပီတယ်အောင်၊ ဦးလိုင်ကြူနဲ့ ဦးမောင်တက်တို့ဟာ ၂၀၂၁ ဇူလိုင် ၃၀ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဦးမောင်ခုံး၊ ဦးမောင်ငြိမ်းနဲ့ ဂျိုးဇက်တို့ကတော့ ၂၀၂၁ မတ်လမှာ အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု၊ လူသတ်မှု၊ လက်နက်မှု စတာတွေနဲ့ စွဲဆိုပြီး အမိန့်ချမှတ်ခဲ့တာလို့လည်း သူက ပြောပါတယ်။
"မောင်ခုံး၊ မောင်ငြိမ်း၊ ဂျိုးဇက် သုံးယောက်က သေဒဏ်ချမှတ် ခံရတာပေါ့နော်။ ဖယ်ခုံမှာဖြစ်တဲ့ လူသတ်မှုကိစ္စအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂ (၁) (ခ) နဲ့ အမိန့်ချခံရတာ" လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကရင်နီပြည်သူ့အင်အားစုရဲ့ ဇူလိုင်လ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီက တရားစွဲဆိုထားလို့ အမှုရင်ဆိုင် နေရသူပေါင်း ၁၁၇ ဦးရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူဦးရေ ၁၄၀ ရှိတယ်လို့ ဖော်ပြ ထားပါတယ်။
အဲဒီထဲမှာ ရှမ်းပြည်တောင်ပိုင်း တောင်လေးလုံးအကျဉ်းထောင်မှာ အမှုရင်ဆိုင်နေရသူ ပေါင်း ၇၀ ဦးရှိပြီး ပြစ်ဒဏ် ချမှတ်ခံရသူပေါင်း ၂၀ ရှိသလို ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်မှာ အမှုရင်ဆိုင်နေရသူပေါင်း ၄၇ ဦးနဲ့ အမိန့်ချမှတ်ခံထားရပြီးသူပေါင်း ၁၁၅ ဦး ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် မပြည့်သေးသူ ငါးဦးကိုတော့ မန္တလေး အိုးဘိုထောင်ကို ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စအတွက် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းအထိ ဖုန်းနဲ့ဆက်သွယ်ပေမယ့် အကြောင်းမပြန်ပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးက အကျဉ်းထောင် တွေကနေ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီဆန့်ကျင်သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရတာပါ။
စစ်ကောင်စီကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မေလ ၁၉ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း ရန်ကုန်မြို့ စစ်ခုံရုံးအသီးသီးကနေ သေဒဏ် အမိန့်ချခံရသူ ၁၁၄ ဦး၊ ထောင် ခုနစ်နှစ်ကနေ ထောင်တစ်သက်အထိ အမိန့်ချ ခံရသူ ၇၈ ဦး ရှိပါတယ်။
ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့ အာဏာသိမ်းစစ်ကောင်စီဟာ မျှတမှုမရှိတဲ့ သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ် စီရင်ချက်တွေနဲ့ လူထုကို ခြိမ်းခြောက်နေတာလို့ ထောက်ပြ ပြောဆိုထားကြပါတယ်။









