KNU နယ်မြေမှာ လက်နက်ကြီးကြောင့် အရပ်သား ခြောက်ဦး သေ၊ ကိုးဦး ဒဏ်ရာရ

RFA Burmese
2024.01.21
KNU နယ်မြေမှာ လက်နက်ကြီးကြောင့် အရပ်သား ခြောက်ဦး သေ၊ ကိုးဦး ဒဏ်ရာရ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ခလယ်လွီထူခရိုင်အတွင်းမှ နေအိမ်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ရွာတွေကို ဇန်နဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ခြောက်ဦးသေဆုံးပြီး နောက်ထပ် ကိုးဦးဒဏ်ရာရခဲ့တယ်လို့ KNU က ဇန်နဝါရီလ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်က တတူကုန်းရွာနဲ့ ကြက်ခြေခတ်ရွာကို စစ်ကောင်စီရဲ့ အမှတ် ၃၁၄ အမြောက်တပ်ရင်းက ဇန်နဝါရီလ ၁၉ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေဟာ တက်တူကုန်းရွာက အသက် ၂၂ နှစ်အရွယ် နော်စန္ဒာ၊ အသက် ၄၉ နှစ်အရွယ် နော်ယဉ်ယဉ်ဌေး၊ ကြက်ခြေခတ်ရွာက အသက် ၃၅ နှစ်အရွယ် နော်ကော်လာမုနဲ့ ဒေါက်ရပ်ရွာကနေ စစ်ဘေးတိမ်းရှောင်ဖို့လာတဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်တောသားတို့ ဖြစ်ပါတယ်။

ဒီအပြင် အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်သန်း အပါအဝင် ခြောက်ဦးလည်း ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း သေနပ်ကွင်းမြို့မှာလည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ၃၀၇ က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ဇန်နဝါရီလ ၁၉ ရက်မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုအတွင်း အသက် ၆၅ နှစ်အရွယ် ဒေါ်သန်း သေဆုံးပြီး အသက် ၅၁ နှစ်အရွယ် ဦးမင်းဇော်နဲ့ အသက် ၅၅ နှစ်အရွယ် ဦးမျိုးဝင်းတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ကျောက်ကြီးမြို့နယ်က ငဖယ်အင်းရွာထဲကို ဇန်နဝါရီလ ၂၀ ရက်က လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၆၇ နှစ်အရွယ် ညားတခြား သေဆုံးပြီး အသက် ၁၄ နှစ်အရွယ် စောနေလင်းထွန်း ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျေးရွာတွေထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာနဲ့ပတ်သက်လို့ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းက စစ်ကောင်စီ ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။