တောင်ကိုရီးယားကျောင်းသားတွေ မြန်မာ့အရေး ဆွေးနွေး

မကြာသေးမီက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူကျောင်းသားတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ခရီး အတွေ့အကြုံတွေကို ဒီနေ့ ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

2011.03.05

ဆိုးလ်မြို့ Haja Production School ကျောင်းခန်းမမှာ မြန်မာနိုင်ငံ အတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ဆွေးနွေးပွဲကို တပြိုင်တည်း ကျင်းပတာပါ။

အခမ်းအနားကို တောင်ကိုရီးယား လူငယ် ငါးရာနီးပါး တက်ရောက်တယ်လို့ ဆိုးလ်မြို့အခြေစိုက် မြန်မာကလေးများပညာရေး ထောက်ပံ့ကူညီရေး လုပ်ငန်းဆောင်ရွက်နေတဲ့ မောင်ဇော်က ပြောပြပါတယ်။

“အခမ်းအနားကို ရှစ်လေးလုံး ကျောင်းသားတွေ ရေးစပ်တဲ့ ကမ္ဘာမကြေဘူး သီချင်းကို ကိုရီးယား ကလေးတွေက ဆိုပြီး ဖွင့်လှစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူတို့ ခံစားချက်တွေကို ကာတွန်းတွေနဲ့ သရုပ်ဖော် ရေးဆွဲထားတာတွေ ရှိတယ်။ နောက် သူတို့ရိုက်လာတဲ့ ဓာတ်ပုံတွေ ပြတယ်”

Haja Production School ကျောင်းက တောင်ကိုရီးယား ကျောင်းသား ၁၃ ဦး၊ အမေရိကန် ကျောင်းသားတဦးနဲ့ ထိုင်ဝမ် ကျောင်းသားတဦးတို့ဟာ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီ လူငယ်တွေဟာ လူငယ်တွေရဲ့ ပညာရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လူငယ်ကွန်ယက်ကို အထူး စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး တကယ်လို့ ပြည်ဝင်ခွင့်ဗီဇာ မရရှိရင် ထိုင်း-မြန်မာနယ်စပ်ကနေ လူငယ်တွေရဲ့ ပညာရေးအတွက် ဆက်လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။

အဲဒဒီ ကိုရီးယားကျောင်းသားတွေဟာ ၂ဝဝ၈ ခုနှစ် ဇွန်လကတည်းက အဖမ်းဆီးခံရပြီး မော်လမြိုင်အကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မဖြိုးဖြိုးအောင် လွတ်မြောက်ရေးအတွက် လှုပ်ရှားကြမယ်လို့လည်း သိရပါတယ်။

ဒီကျောင်းသားတွေရဲ့ လှုပ်ရှားမှုအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။