ရခိုင်မှာ အင်တာနက်နှေးလို့ ကပ်ရောဂါအတွက် အခက်ကြုံနေရ


2020.08.26

ကိုရိုနာကပ်ဘေးဒဏ် အဓိကရင်ဆိုင်နေရချိန် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အင်တာနက်အပြည့်အဝမရမှုက ကျန်းမာရေးဝန်ထမ်းတွေအတွက် အဓိက စိန်ခေါ်မှု ဖြစ်နေပါတယ်။

ပိုးတွေ့လူနာ ၄ ဦးအထိ ရှိလာနေတဲ့ ဘူးသီးတောင်မြို့နယ်မှာ အင်တာနက်အခက်အခဲကြောင့် လူနာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်နယ်အဆင့်ရုံးကို အချိန်မီမပို့နိုင်တာ၊ သတင်းတွေကိုအချိန်နဲ့ တပြေး ညီ မသိရတာမျိုးလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ် ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ စောမင်းသိန်း က RFA ကို ပြောပါတယ်။

“ကျနော်တို့ စာရင်းယူရတာ၊ Update လုပ်ရတာ၊ စာရင်းပြန်ပို့ရတာတွေက တော်တော်ခက်ခဲပါတယ်ဗျ။ ပြည်နယ်ရုံးကပြောလာရင် သေချာပြန်တိုက်ကြည့်ရတယ်။ စာရင်းဇယားနဲ့ပတ်သက်ပြီး ပြန်ပို့တဲ့အခါမှာလည်း အခက်အခဲကြုံရပါတယ်။ ကျနော်တို့က ပြည်နယ်ရုံးနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးလုပ်ရတာပါ။ အင်တာနက်လိုင်း ရနိုင်တဲ့ ချောင်ကြိုးချောင်ကြားတွေမှာ သွားပို့ရတာပေါ့။ အခက်အခဲကတော့ ကြီးတယ်လို့ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးသတင်းအချက်အလက်တွေကိုမသိနိုင်တာရယ်၊ နောက်ပြီး ဒီနေ့ဆိုလည်း ဘူးသီးတောင်မှာ လေးယောက် ပိုးတွေ့တယ်ဆိုပြီး သတင်းပျံ့နေတော့ အဲဒီဟာတွေကိုပါ ပြန်ဖြေရှင်းရတာပေါ့။ သတင်းမှားတွေကိုလည်း ပြန်ဖြေရှင်းနေရတယ်”


ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ ဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေကို ဒီသြဂုတ်လ ၁ ရက်နေ့မှာ အစိုးရက ပြန်ဖွင့်ပေးခဲ့ပေမဲ့ - အင်တာနက်မြန်နှုန်းကို လုံးဝ လျှော့ချထားတာကြောင့် အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တယ်လီဖုန်းဝန်ဆောင်မှုကုမ္ပဏီတခုဖြစ်တဲ့ အမ်ပီတီကတော့ အစိုးရရဲ့ညွှန်ကြားချက်တွေအရ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အင်တာနက်မြန်နှုန်း လျှော့ချထားတဲ့ 2G အဆင့်ကို ဖွင့်ပေးထားတာလို့ RFA ကို အီးမေးလ် ကနေတဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

လုံခြုံရေးအကြောင်းပြချက်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၈ မြို့နယ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၉ ဇွန်လ ၂၁ ရက်ကစပြီး အင်တာနက်တွေကို ပိတ်ခဲ့တာပါ။ ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုကြောင့် သြဂုတ်လ ၁ ရက်နေ့မှာ အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ အရင်ပေးခဲ့တဲ့ အင်တာနက်အမြန်နှုန်း 4G အစား မြန်နှုန်းလျှော့ချထားတဲ့ 2G အဆင့်ကိုသာ ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် လူနာတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်မီတင်ပြရတဲ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေအပြင် အစိုးရဝန်ကြီးဌာနတွေနဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေ၊ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်တွေ အတိအကျမသိနိုင်ဘဲ ကောလဟာလ သတင်းတွေပြန့်ဖို့ လွယ်ကူစေတယ်လို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ထောက်ပြနေတာပါ။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကတော့ - မြန်နှုန်းမြင့် 4G အင်တာနက်ကို အစိုးရရဲ့ ညွှန်ကြားချက်တွေလာမှပဲ ဆောင်ရွက်မယ်လို့ RFA ရဲ့ မေးမြန်းချက်ကို တုံ့ပြန်ခဲ့ပြီး၊ 2G အင်တာနက် နဲ့လည်း သတင်းတွေ ဖတ်လို့ရတယ်လို့ ပြောဆိုပါတယ်။

“ဘူးသီးတောင်တို့ ဒီမြောက်ဦးတို့မှာ အရင်တုန်းကတော့ 3G 4G တို့ ရှိကောင်းရှိလိမ့်မယ်ပေါ့နော်။ အဲဒါ အရင် ရှိတဲ့အတိုင်း ပြန်ရဖို့ဆိုတာ ချိန်ဆပြီးတော့မှ ပြန်လုပ်ရမှာ။ ဒါပေမဲ့လည်း 2G ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်ကလည်း သုံးခဲ့ရတာပဲ။ ၂ဝ၁၅ လောက်အထိ တချို့မြို့ပေါ်နဲ့ ရွာတွေမှာ 2G ပဲရှိခဲ့တာလေ။ ဆိုလိုတာက အခုလက်ရှိ ကျန်းမာရေးဝက်ဆိုက်တို့ဘာတို့ဆိုတာလည်း အမှန်ကတော့ စာသားနဲ့ဆွဲလို့ရအောင် တင်တာများ တာပေါ့နော်။ အဲတော့ စာသားနဲ့ကလည်း အော်ပရေတာတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ညှိပြီးတော့ အလကား ကြည့်လို့ရအောင်အထိ လုပ်ပေးထားတာပဲလေ”


နည်းပညာအခွင့်အရေးတွေအကြောင်း မျှဝေပေးနေတဲ့  Myanmar ICT for Development Organization (MIDO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင် ကတော့ -

“အမှန်တကယ်က 2G ဆိုတဲ့ဟာက လွန်ခဲ့တဲ့နှစ် ၂ဝ ခန့်ကပေါ်တဲ့ နည်းပညာပေါ့နော်။ ဆိုတော့ အဲဒီနည်း ပညာက အခုနောက်ပိုင်း သုံးတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေ ဥပမာ ဖေ့စ်ဘွတ်သုံးတယ်၊ အွန်လိုင်းသုံးတယ်၊ Youtube သုံးတယ်၊ တခြားဟာတွေ သုံးတယ်ဆိုလို့ရှိရင် 2G အင်တာနက်က ဘာမှလုပ်လို့မရဘူး။ ဆိုတော့ အမှန်တကယ်က ဒီဟာက ဖွင့်ပေးတယ်လို့ ပြောလို့မရဘူး။ လက်ရှိအချိန်အထိ အင်တာနက်က ပိတ်ထားဆဲပဲ လို့ ကျမတို့က ယူဆတယ်”

အခုချိန်မှာ သတင်းစီးဆင်းမှုမြန်ဆန်ရေးဟာ အသက်တမျှအရေးပါနေပြီး သတင်းတွေကို အချိန်မီ မသိနိုင်ရင် အသက်အန္တရာယ်တွေကိုပါ ခြိမ်းခြောက်လာစေနိုင်တာကြောင့် 4G အင်တာနက်ပြန်ရရေးက အလွန်အရေးပါ ကြောင်း ဒေါ်ထိုက်ထိုက်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံက အဓိက တယ်လီဖုန်းဝန်ဆောင်မှု လုပ်ငန်းကြီးတွေဖြစ်တဲ့ တယ်လီနောနဲ့ မိုင်တဲတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစုံတရာ တုန့်ပြန်ဖြေကြားတာမရှိပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကာလမှာ လူမျိုး၊ ဘာသာမခွဲခြားဘဲ တန်းတူအခွင့်အရေး ရရှိမယ်လို့ ဒီတပတ်ထဲမှာ ပြောဆိုထားတာ ဖြစ်ပါတယ်။

အစိုးရကဖွင့်ပေးတဲ့ 2G အင်တာနက်ဟာ ဓာတ်ပုံတစ်ပုံကြည့်ဖို့တောင်မလွယ်ကူဘူးလို့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာပိုးတွေ့လူနာ ၁၂ ဦးရှိနေတဲ့ မြောက်ဦးမြို့က ကိုဇေယျာမျိုးကပြောပါတယ်။

“ကျနော်အင်တာနက်ဖွင့်ကြည့်တော့ တစ်နာရီလောက်ကြာတဲ့အထိကို ဓာတ်ပုံ မမြင်ရဘူး။ ဒါနဲ့ စိတ်မရှည်လို့ မသုံးဖြစ်တာများတယ်။ ဒါက လူတိုင်းဖြစ်နေတာ။ အစိုးရက ဒေသခံတွေရဲ့မျှော်လင့်ချက်ကို အလွဲသုံးစား လုပ်သလိုဖြစ်နေတာ။ အဲလိုပဲ ခံစားရတယ်။ ကျနော့်အမြင်ကတော့ အစိုးရက လက်တစ်လုံးခြား လုပ်နေတာ လို့ပဲ မြင်ပါတယ်။”

မြောက်ဦးမြို့က နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်ကျော်ကလည်း အင်တာနက်အဆင်မပြေတာကြောင့် ကိုရိုနာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အများပြည်သူမြင်နိုင်မယ့် လမ်းဆုံလမ်းခွတွေမှာ ဆိုင်းဘုတ် တွေနဲ့ ချပြထားတယ်လို့ ပြောပါတယ်။

“မြောက်ဦးမြို့မှာ အင်တာနက်ရတယ်ဆိုတာ နာမည်ပဲရှိတယ်။ တကယ့်တကယ်ကျတော့ လုံးဝကို မရတာ။ အဲဒီ ကိုဗစ်-၁၉ ကိစ္စနဲ့ ပိုးတွေ့တယ်၊ မတွေ့ဘူး၊ ကန့်သတ်လူနာ ဘယ်လောက်ရှိတယ် အဲဒါတွေကိုတောင် ရပ်ကွက်ဈေးနားက လူအသွားအလာများတဲ့ နေရာမှာ ဆိုင်းဘုတ်တွေနဲ့ ကြေညာထားရတယ်”

မြေပုံမြို့မှာလည်းပဲ ကပ်ရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အများမြင်နိုင်တဲ့ လမ်းဆုံလမ်းခွတွေမှာ ဆိုင်းဘုတ်တွေနဲ့ အသိပေးထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်နှုန်းလျှော့ချထားတဲ့ အင်တာနက်ကို သုံးနေရတဲ့ မြို့နယ်ပေါင်း ၇ မြို့နယ်ရှိပြီး ဒီအထဲက ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ် ၆ မြို့နယ်မှာ ပိုးတွေ့လူနာတွေ ရှိနေတာပါ။

4G အင်တာနက်ပြန်ဖွင့်ပေးဖို့ မနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့တဲ့ ရခိုင်ပြည်အရပ်ဖက်အဖွဲ့အစည်း များ ငြိမ်းချမ်းရေးကော်မတီက ဦးခိုင်ကောင်းစံက လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကာလမှာ သတင်း အချက်အလက်တွေအတွက် အစိုးရက ခွင့်ပြုပေးထားတဲ့ 2G အင်တာနက်နဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။

“ကိုဗစ်-၁၉ အကျပ်အတည်းရယ်၊ နောက်ပြီး ပြည်တွင်းစစ်အကျပ်အတည်းက ရခိုင်မှာ ဖြစ်နေတာပေါ့။ သတင်း အချက်အလက်ကို ရဖို့အတွက်ဆိုရင် ကျနော်တို့ အခုလို 2G အင်တာနက်ပေးနေရုံနဲ့ မလုံလောက်ဘဲ 4G အင်တာနက်ပေးဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ 4G အင်တာနက် ရမှပဲ ကျန်းမာရေးဆိုင်ရာ အသိ ပညာပေးတာတွေ၊ ထုတ်ပြန်တဲ့ကြေညာချက်တွေကို အချိန်နဲ့တပြေးညီ သိရမှာ ဖြစ်တယ်။ နောက်ပြီးတော့ ဒီကာလမှာ အစိုးရအနေနဲ့ ပြည်တွင်းစစ်ကို ရပ်စဲထားဖို့ လိုအပ်တယ်ပေါ့နော်”


ရခိုင်ပြည်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီဟာ ရခိုင်ဒေသက အရပ်ဖက်အဖွဲ့ပေါင်း ၁ဝဝ ကျော် က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခု ဖြစ်ပါတယ်။

စစ်ဘေးဒဏ်ရော၊ ကိုရိုနာကပ်ဘေးဒဏ်ပါ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ ကနေ ဒီနေ့ သြဂုတ်လ ၂၆ ရက်နေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၁၇၄ ဦးအထိ ရှိလာပါပြီ။ လူပေါင်း နှစ်သိန်းဝန်းကျင်ဟာလည်း စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။