ထိန်းသိမ်းခံ SNLD အဖွဲ့ဝင် လွတ်မြောက်

2014-05-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မတရားအသင်း ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကျိုင်းတုံမြို့နယ် ရပ်/ကျေးတာဝန်ခံ စိုင်းအိုက်ကိန်းကို မေလ ၂၉ရက်နေ့က ကျိုင်းတုံတရားရုံးက ပြန်လွှတ်ပေး လိုက်ပါတယ်။

စိုင်းအိုက်ကိန်းကို ဒုရဲမှူးကြီး ဦးကျော်ထွန်းဝင်းက တရားလိုအဖြစ်နဲ့ ကျိုင်းတုံမြို့နယ်တရားရုံးမှာ အမှုတင်တာဖြစ်ပြီး တရားလိုက အမှုကိုပြန်ရုတ်သိမ်းသွားတာဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျိုင်းတုံမြို့နယ် SNLD   ပါတီ ဥက္ကဌ ဦးဆူလဖုံးက ခုလိုပြောပါတယ်။

"ရဲစခန်းကနေ တရားရုံးကိုသွားတယ်၊ တရားရုံးကနေ လွှတ်ပေးလိုက်တယ်ခင်ဗျ၊ ဘာမှမပြောဘဲ မင်းအပြစ်မရှိဘူးဆိုပြီး လွှတ်လိုက်တယ်ခင်ဗျ"

စိုင်းအိုက်ကိန်းကို မေလ ၂၉ရက်နေ့ ညနေပိုင်းက မြို့နယ် တရားသူကြီး ဒေါ်မာမာစိုး အမိန့်နဲ့ပြန်လွှတ်ပေး တာဖြစ်ပြီး အကြောင်းပြချက်တစ်စုံတရာ မပေးဘူးလို့သိရပါတယ်။

စိုင်းအိုက်ကိန်းကို မေလ ၅ရက်နေ့က စစ်တပ်က ဖမ်းဆီးသွားပြီးနောက် မေလ ၆ရက်နေ့မှာ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုSNLD ပါတီက အသိပေးထားပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြေလည်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားတယ် လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့