SNLD ရုံးခန်းဖွင့်ပြီ
2012.08.15
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဗဟိုဌာနချုပ်ရုံးခန်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနားဖွင့်ပွဲတွင် NLD နာယက ဦးတင်ဦး အမှာစကား ပြောကြားနေစဉ်
SNLD ပါတီအနေနဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ တိုင်းရင်းသား အချင်းချင်း တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ SNLD ပါတီကနေ ဒီကနေ့ရက်စွဲနဲ့ သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အခုလတ်တလော ကြုံတွေ့နေရတဲ့ တိုင်းရင်းသားပဋိပက္ခတွေပေါ် မူတည်ပြီး နောက်ထပ်ဖြစ်လာနိုင်မယ့် ပြည်နယ်ပြဿနာ တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေက ကိုယ်တိုင် ဖြေရှင်းသွားနိုင်ဖို့အတွက် ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကြိုတင်အပ်နှင်းသင့်ကြောင်း၊ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးကို ရရှိစေဖို့ တစ်ဖက်နဲ့ တစ်ဖက် တွေ့ဆုံဆွေးနွေးမှုကို အလေးအနက်ပြုပြီး သက်ဆိုင်သူအားလုံး ပါဝင်ပြီး တပြေးညီ တန်းတူ ရည်တူ ပါဝင်ဆွေးနွေးနိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ စတဲ့ အချက်တွေကို တိုက်တွန်းဖော်ပြထားပါတယ်။
SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဒုတိယအများဆုံး အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်မှာ အဓိက အောင်ပွဲခံခဲ့တဲ့ ပါတီဖြစ်ပါတယ်။









