တပ်မတော်မိသားစုတွေ ပါဝင်လက်မှတ်ထိုးနိုင်ရေး NLD အမတ် စီစဉ်


2014.05.23
constitution436-305 ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး အတွက် ရန်ကုန်မြို့ က တောင်းဆိုဆန္ဒပြပွဲ တစ်ခုကိုတွေ့ရစဉ်
Photo: RFA

လာမယ့် မေလ ၂၇ရက်နေ့ နေပြည်တော်ခရိုင် မြို့နယ် ၅မြို့နယ်မှာ ကျင်းပမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေမှာ တပ်မတော်မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေလည်း  ပါဝင်လက် မှတ်ရေးထိုးနိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

နေပြည်တော်  ၅ မြို့နယ်မှာ ပြုလုပ်မယ့် ပုဒ်မ ၄၃၆ ပြင် ဆင်ရေး လက်မှတ်ရေးထိုးပွဲ တာဝန်ယူထားသူ ဥတ္တရ သီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က အခုလို ပြောပါတယ်။

"အထူးသဖြင့် ဇေယျာသီရီမြို့နယ်ဟာပေ့ါလေ၊ အရပ်ဘက်လူကြီးတွေဟာ အရမ်းနည်းပါတယ်၊ တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရုံးနဲ့ ကာကွယ်ရေး ဝန်ကြီးဌါန ရုံးစိုက်ရာမြို့နယ်ဖြစ်တဲ့အတွက် တပ်မတော်သားမိသားစုနဲ့ ဝန်ထမ်းအင်အားက ခန့်မှန်းချေ အားဖြင့် ၈၅ ရာခိုင်နှှုန်း ၉၀ ရာခိုင်နှှုန်းထိ ရှိပါတယ်၊ ဒါကြောင့် ဇေယျာသီရီမြို့နယ်မှာတော့ တပ်မတော် သား မိသားစုတွေ၊ တပ်မတော်သား မိသားစုဝင်တွေနဲ့ နားနေလက်မှတ်ထိုးနိုင်အောင်လို့ ကျနော်တို့ အထူးပြင်ဆင်ထားဖို့ကိုလည်း ကျနော် ပိုအားဖြည့်ထားပါတယ်၊လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကိုယ်တိုင်လည်း ၂၇ ရက်နေ့ ကျနော်တို့ စတင်တဲ့နေ့မှာ လက်မှတ်ရေးထိုးနိုင်အောင် ကျနော်တို့ ဇမ္ဗူသီရိမြို့နယ် အမျိုးသားဒီမိုကရေးစီအဖွဲ့ရုံးက စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"

လာမယ့် မေလ ၂၇ရက်နေ့မှာ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်တွေ မှာ တစ်ပြိုင်တည်း လက်မှတ်တွေကောက်ခံသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မနက် ၈ နာရီခွဲမှာ ပုဒ်မ ၄၃၆ ပြင်ပေးဖို့ အတွက် လက်မှတ်ရေးထိုးမှာဖြစ်သလို ဒေသခံတွေနဲ့လည်း တွေ့ဆုံမယ် လို့ သိရပါတယ်။

ဒါ့အပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်တွေကောက်ခံတဲ့အခါ  လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရပ်ကွက် နဲ့ ကျေးရွာတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သက်ဆိုင်ရာ ခရိုင် မြို့နယ် အဆင့်ဆင့်က တာဝန်ရှိသူတွေက သွားရောက်ပြီး လက်မှတ်စုပေါင်းသွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေကို လာမယ့် မေလ ၂၇ ရက်နေ့က နေ ဇူလိုင် ၁၈ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကို သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။