တောင်ကိုရီးယားမှာ ဇူလိုင် ၇ ရက်နေ့အထိမ်းအမှတ် မြန်မာ သံရုံးကို ဆန္ဒပြ


2013.07.07

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလှုုပ်ရှားသူ ၃ဝ လောက်ဟာ ဆိုးလ်မြို့မြန်မာသံရုံးရှေ့မှာ ၅၁ နှစ်မြောက် 7 July အထိမ်းအမှတ်အနေနဲ့ ဒီကနေ့  ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီက တစ်နာရီကြာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ- တောင်ကိုရီးယားဌာနခွဲ)က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး၊ ပထမဦးစွာ ဇူလိုင် ၇ ရက် အရေးတော်ပုံအတွင်းက ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်များကို ၈ စက္ကန့် ငြိမ်သက်အလေးပြုခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (လွတ်မြောက်နယ်မြေ) ဗဟိုကပေးပို့တဲ့ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခြင်းတို့နဲ့ စတင်ခဲ့ပါတယ်။

ဆန္ဒပြပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ NLD-LA ကိုရီးယားဌာနခွဲရဲ့အကြံပေး ဦးမောင်မောင်လွင်က တိုင်းပြည်ကိုစစ်မှန်တဲ့လမ်းကြောင်းပေါ်ကို ပို့ဆောင်ဖို့ စစ်တပ်မှာတာဝန်ရှိတယ်လို့ ယုံကြည်တယ်ဆိုရင် ကျောင်းသားသမဂ္ဂအဆောက်အဦး ဖောက်ခွဲခံခဲ့ရမှုနဲ့ ပတ်သက်လို့ ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပွင်ပွင့်လင်းလင်းနဲ့ ဖော်ထုတ်ဖို့လိုကြောင်း ပြောကြားပါတယ်။

ဒီလိုမဟုတ်ဘဲ ထိန်ချန်ထားမယ်ဆိုရင် ၁၉၆၂ ခုနှစ်က တိုင်းပြည်အာဏာကိုသိမ်းယူခဲ့တဲ့ ဗိုလ်နေဝင်းနဲ့ အတူတူပဲလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။

တိုင်းပြည်ကို အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေကြောင့် ကျောင်းသားပြည်သူတွေ သွေးမြေကျရမှုတွေ နောက်နောင်မဖြစ်ပွားစေဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီရေးကူးပြောင်းနေရာမှာ ကျောင်းသားထုရဲ့ အခွင့်အရေးကို အသိအမှတ်ပြုဖို့ရည်ရွယ်ပြီး အခုလိုဆန္ဒထုတ်ဖော်ရတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ကိုရီးယားဌာနခွဲ) ဒုတိယ - ဥက္ကဌ ဦးရန်နိုင်ထွန်းကလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။