ငြိမ်းချမ်းရေးအဖွဲ့နဲ့ RCSS ထပ်မံတွေ့ဆုံမည်

အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့ဟာ နယ်မြေသတ်မှတ်ရေး အပါအဝင် မပြေလည်သေးတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီလကုန်ပိုင်းမှာ ဒုတိယအကြိမ် တွေ့ဆုံမယ်လို့ သိရပါတယ်။

2012.04.07
rcss-troop-b305 RSCC ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင်ကျင်းပသော ၂၀၁၀ ခုနှစ် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် RCSS တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
RFA

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူ လက်မှတ်ထိုးထားပေမယ့် SSA တောင်ပိုင်းနယ်မြေထဲ အစိုးရတပ်တွေ ဝင်ရောက် တိုက်ခိုက်နေတာ၊ ဗဟိုဌာနချူပ်နယ်မြေ သတ်မှတ်ပေးထားတဲ့ နေရာတွေမှာ အခြေချလို့ မရသေးတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဗဟိုဌာနချုပ်မှာ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဗိုလ်မှူး စိုင်းလောင်ဆိုင် ပြောပြတာက -

"အစိုးရနဲ့ ထပ်တွေ့ဖို့ နေ့ရက်တွေ ကျနော်တို့ မသတ်မှတ်ရသေးပါဘူး၊ အကြမ်းဖျဉ်း ကျနော်တို့ ဆက်ဆံရေး တာဝန်ခံတွေနဲ့ အလွတ်သဘောနဲ့ ညှိခြင်းပါ။ လကုန်ပိုင်းလောက်ပေါ့။ အဲ့အထိတော့ ကျနော်တို့ မှန်းထားတယ်လေ။"

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဇန္နဝါရီလလယ်ပိုင်းမှာ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်က ဟိုမိန်းမြို့နယ်နဲ့ မိန်းထားမြို့နယ် တို့ကို SSA ဗဟိုဌာနချူပ်နယ်မြေ အဖြစ်သတ်မှတ်ပေးခဲ့ပြီး အခြေစိုက်နေထိုင် နိုင်ရေး အတွက်ကိုတော့ သက်ဆိုင်ရာ အောက်ခြေတပ်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပေမယ့် လက်တွေ့မှာ တြိဂံတိုင်း တိုင်းမှုးက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ဒါတွေကို အသေအချာ ပြန်လည် ဆွေးနွေးသွားမှာဖြစ်တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောပါတယ်။

"အဓိကတော့ လိုအပ်နေတဲ့ နယ်မြေကိစ္စ လက်တွေ့ဖော်ဆောင်တဲ့နေရာမှာ လတ်တလော ကြုံတွေ့နေရတဲ့ မပြေလည်သေးတဲ့ ဒီ နယ်မြေ သတ်မှတ်ရေး ကိစ္စပေါ့နော်။ နောက်ပြီးတော့ ဒီ ဖွံ့ဖြိုးရေး ကိစ္စရယ်၊ နောက်ပြီးတော့ အစိုးရတွေနဲ့အတူ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေရယ် ဒါတွေကို အဓိကထားပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။"

ဒါ့အပြင် အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်အောင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်တွေ ပေးဖို့ပါ ထည့်သွင်း ဆွေးနွေးသွားဖို့ ရှိကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။