SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော် မတီ တွေ့ဆုံမည့် ရက်ရွှေ့


2013.07.07
sspp-ssa-48th-anni-parade-b305 ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
Photo courtesy of SSPP/SSA

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့အဖွဲ့က ဇူလိုင်လ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုခဲ့ပေမယ့် မတွေ့ဆုံဖြစ်ကြောင်း မနေ့က အကြောင်းကြားလာပြီးတော့  ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောဆိုပါတယ်။

SSPP က ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တွေ့ဆုံကြဖို့ ညှိနှိုင်းပြောဆိုထားကြတာဖြစ်ပေမယ့် အစိုးရဖက်က ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးပြီးမှ တွေ့ဆုံမယ်ဆိုပြီး ပြန်ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

"ဦးသိန်းဇော်ရဲ့ နောက်ပြန်တွေ့မည့်ရက်ကြမှ အဲ့ဒီကြိုတင်ပြီး ပြောခဲ့မယ်လို့တော့ပြောတာပဲ၊ ၁ဝ ရက်နောက်ပိုင်းလို့ပြောတယ်၊ သူတို့က အဲ့ဒီကျိုင်းတုံဖက်ကနေပြီးတော့ ၀ နဲ့ အရင်ဆွေးနွေးမယ် ပြီးတော့ကျနော်တို့ ဆီလာမှာပေါ့"

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဖက်က တွေ့ဆုံဆွေးနွေးဖို့ချိန်းဆိုရာမှာလည်း အဓိကဘယ်ကိစ္စတွေကို ဆွေးနွေးမယ်ဆိုတာ အသိပေးအကြောင်းကြားထားတာမရှိပေမယ့် SSPP အနေနဲ့ကတော့ အစိုးရတပ်တွေ SSA မြောက်ပိုင်းနယ်မြေထဲဝင်ရောက်ပြီး တိုးချဲ့နေရာချထားတဲ့ တပ်ကိစ္စတွေကို ဆွေးနွေးတင်ပြဖို့ ပြင်ဆင်ထားကြောင်း ဗိုလ်မှူး စိုင်းလက ဆက်ပြောပါတယ်။

"သူတို့ချိန်းတယ်ဆိုတော့ ကျနော်တို့လည်း မသိရဘူးခင်ဗျ၊ ကျနော်တို့ဖက်ကတော့ အဲ့ဒီတပ်ပိုင်းဆိုင်ရာပေါ့နော့် အဲ့ဒီတပ်ကိစ္စတွေပဲ ကျနော်တို့ အဓိကဆွေးနွေးမှာပါ၊ ကျနော်တို့နယ်မြေထဲမှာ အဲ့ဒီတပ်တွေတိုးချဲ့ပြီးတော့ နေရာချထားတာတို့ဘာတို့ အဲ့ဒီကိစ္စတွေပေါ့၊ တိုက်ပွဲတော့ မဖြစ်တော့ပါဘူး"

SSPP ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့က ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ ပြည်တောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြဿနာဖြစ်ပွားနိုင်တဲ့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာကိစ္စတွေညှိနှိုင်းဖို့အပါအဝင် အချက်လေးချက်ကို သဘောတူလက်မှတ်ထိုးခဲ့ကြပါသေးတယ်။

အဲ့ဒီနောက်အစိုးရဖက်ကနေပြီး SSA မြောက်ပိုင်းတပ်ဖွဲ့ အခြေစိုက်နေရာယူထားတဲ့ တာဆမ်ပူတပ်စခန်းကို ဇွန်လ ၂၀ ရက်နေ့က ဆုတ်ခွာပေးဖို့ ညွှန်းကြားခဲ့ပြီး SSPP ရဲ့ ဝမ်ဟိုင်းဌာနချူပ်အနီးက တပ်စခန်းတစ်ခုကိုလည်း စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချူပ် စကခ ၁၇ က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝိုင်းထားတာကြောင့် စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။