SSA တပ်တွေ တာဖာဆောင်းစစ်စခန်းကို ဆုတ်ခွာပေး


2014.10.03
ssa-soldiers-305.jpg ရှမ်းပြည်တပ်မတော် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ကို တွေ့ရစဉ်
(Photo: AFP)

ရှမ်းပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးသီးမြို့နယ်ထဲက တာဖာဆောင်းတပ်စခန်းကို ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့ မနက် ၁၀ နာရီမှာ SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့က ဆုတ်ခွာပေးလိုက်တဲ့အတွက် နှစ်ဖက် ပစ်ခတ်မှုတွေ ရပ်စဲသွားပြီ ဖြစ်ပါတယ်။

ဒီကနေ့ မနက်လင်းအားကြီးအချိန်ကစပြီး အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနချူပ် ၂ လက်အောက်ခံတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက် လာပြီးနောက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူခဲ့ပြီး တာ့ဖာဆောင်းတပ်စခန်းကို ဆုတ်ခွာပေးလိုက်တာဖြစ် တယ်လို့ SSPP အထွေထွေအတွင်းရေးမှူး ဦးခွန်ဆမ် က ပြောပါတယ်။

"ဒီနေ့မနက် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးခေါ်ပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျနော်တို့ က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ကို အလေးထားတယ်၊ ဒါကြောင့် စစ်ရေးနဲ့ ဖြေရှင်းနည်း ဟာ ဖြေရှင်းနည်းမဟုတ်ဘူး၊ နှစ်ပေါင်း ၆ဝ ကလည်း ဖြေရှင်းလာခဲ့ပြီ၊ ဘယ်သူ့ဘယ်သူမှ မနိုင်ဘူး၊ ကောင်းမွန် တဲ့ရလာဒ်လည်း မထွက်လာဘူး၊ ကျနော်တို့ကဆုတ်ဖို့ ဆုံဖြတ်လိုက်တယ်၊ ပဋိပက္ခ မကြီးထွားလာအောင်လို့၊ အဲ့ဒါပါပဲ"

SSA မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့အကြောင်း အထွေထွေအတွင်းရေးမှူး ဦးခွန်ဆမ်က နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်ထံ တယ်လီဖုန်းနဲ့ အကြောင်းကြားပေးခဲ့ပြီး အစိုးရဘက်က တစုံတရာ တုန့်ပြန်ပြောဆိုတာ မရှိသေးဘူးလို့လည်း ဆက်ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့က နှစ်ယောက်ကျဆုံးပြီး သုံးယောက်ဒဏ်ရာရခဲ့သလို အစိုးရတပ်ဖွဲ့ဘက်က ငါးယောက်ကျဆုံးပြီး ၅၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဦးခွန်ဆမ်က ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ၂၀၁၂ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။