နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနထားရှိဖို့ သမ္မတ သဝဏ်လွှာပို့


2016.05.05
mahn-winkhaingthan-620.jpg ပြည်ထောင်စုလွှတ်တော်မှာ နာယက ဦးမန်းဝင်းခိုင်သန်း ကို မေလ ၂၃ ရက်နေ့က တွေ့ရစဉ်
.

အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနအသစ်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ထားရှိဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာမှာ အဲ့ဒီဝန်ကြီးဌာနဟာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင် ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ ကဏ္ဍတွေကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ပါရှိပါတယ်။ အဲ့ဒီသဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဖတ်ကြားခဲ့ပါတယ်။

"နိုင်ငံတော် အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးမှု စတဲ့ လုပ်ငန်းစဉ်များ ပိုမိုထိရောက် ပြီး အောင်မြင်မှု ရရှိနိုင်ရေးအတွက် လုပ်ငန်းတာဝန်များအား ဆက်စပ်ဆောင်ရွက်ပေးနိုင်မယ့် ဝန်ကြီးဌာနတစ်ခု လိုအပ်လျှက်ရှိကြောင်း ဒါ့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၂ ပုဒ်မခွဲ(က)နဲ့အညီ နိုင်ငံတော် အတိုင်ပင် ခံရုံး ဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းရေးကိစ္စနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ရယူပေးနိုင် ပါရန် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုင်ငံတော်သမ္မတရုံးရဲ့ ၃၊ ၅၊ ၂၀၁၆ ရက်စွဲပါ စာအမှတ် ၁ဝ၇ (၁)/၈ သမ္မတရုံးဖြင့် သဝဏ်လွှာပေးပို့ထားပါတယ်"

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုထပ်မံဖွဲ့စည်းမယ့် ဝန်ကြီးဌာနအသစ် အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးဝန်ကြီးဌာနတွေကိုပါ ပူတွဲကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုဖွဲ့စည်းထားပြီး ထပ်မံဖွဲ့စည်းမယ့် နိုင်ငံတော်အတိုင်ပင်ရုံး ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနစုစုပေါင်း ၂၂ ခုရှိလာမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။