နိုင်ငံပိုင် ရွှေခုနစ်တန်ရှိကြောင်း ဗဟိုဘဏ်ပြောကြား


2013.11.12

နိုင်ငံပိုင် ရွှေပိုင်ဆိုင်မှုပမာဏဟာ ၇ တန်ကျော်ရှိပြီး၊ နိုင်ငံခြားငွေပိုင်ဆိုင်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံကျော်ရှိတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက အခုလိုတင်ပြခဲ့တာပါ။

“၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာရှိတဲ့ နိုင်ငံတော်ကပိုင်ဆိုင်တဲ့ ရွှေပမာဏဟာ တန်ချိန် ၇.၁၅၃၉  တန်ခန့်ရှိပါတယ်၊ နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှုပမာဏ စုစုပေါင်းဟာ ၈.၁၃ ဘီလီယံခန့်ကြောင်း တင်ပြအပ်ပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက နိုင်ငံပိုင်အရန်ငွေနဲ့ အရန်ရွှေ ဘယ်လောက်ရှိတယ်ဆိုတာ ပြည်သူလူထုကို ချပြသင့်ကြောင်း တင်ပြခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး  ပြည်ထောင်စု လွှတ်တော်နာယကက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌဆီ အကြောင်းကြားထားတာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်နဲ့ နိုင်ငံပိုင်ဘဏ်တွေမှာ ငွေသားအဖြစ်ထားသလို ပြည်ပဘဏ်တချို့မှာ နိုင်ငံခြားငွေအကောင့်နဲ့ ထိန်းသိမ်းထားတယ်လို့လည်း ဒေါ်ခင်စောဦးက ပြောကြားခဲ့ပါတယ်။

ပါလီမန ်ဒီမိုကရေစီခေတ်က နိုင်ငံပိုင်ရွှေနဲ့ နိုင်ငံခြားငွေ ဘယ်လောက်ရှိတယ်ဆိုတာကို ပြည်သူတွေဆီချပြပေမယ့် စစ်အစိုးရတက်လာပြီးနောက်ပိုင်းကနေ လက်ရှိအစိုးရလက်ထက်အထိ နိုင်ငံပိုင်ရွှေဘယ်လောက်ရှိတယ်ဆိုတာ မသိရဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။