အိမ်မှာနေဖို့ သတ်မှတ်ထားတဲ့မြို့နယ်တွေက လမ်းတွေပိတ်ထားလို့ ဝေဖန်မှုတွေ မြင့်တက်နေ

သန့်ဇင်ဦး
2020.09.12

ရန်ကုန်တိုင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းမြင့်တက်နေလို့ အစိုးရက အပြင်မထွက်ဘဲ နေအိမ်မှာ နေကြဖို့ (Stay at Home) အစီအစဉ်မှာအကျုံးဝင်တဲ့ မြို့နယ်တွေက လမ်းတွေမှာ အကာအရံတွေနဲ့ အခိုင်အမာပိတ်ဆို့ ထားတာကြောင့် သွားလာရေးအခက်ကြုံနေကြသလို အတော်များများကလည်း ဝေဖန်နေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက ကိုရိုနာဗိုင်းရပ်စ်ပိုး အများဆုံးတွေ့ရှိထားတဲ့ မြို့နယ် ၂၈ မြို့နယ်ကို ကျန်းမာရေး ဝန်ကြီးဌာနက နေအိမ်မှာနေကြဖို့(Stay at Home)အဖြစ် ကြေညာပြီးတဲ့နောက် စက်တင်ဘာလ ၁၀ ရက်နေ့ည ကတည်းကစပြီး လမ်းတွေမှာ ပြင်ပကားတွေ ပေးမဝင်တော့ဘူးဆိုပြီး အတားအဆီး အကာအရံတွေ စတင်လုပ် ဆောင်ခဲ့ကြတာပါ။

တချို့နေရာမှာ ကားရော၊ လူရော ဝင်လို့မရအောင် အခိုင်အမာကာရံလိုက်တာတွေ၊ အချို့နေရာမှာတော့ ပြင်ပကားတွေ ပေးမဝင်ပေမယ့် လမ်းအတွင်းနေထိုင်သူတွေနဲ့ ဈေးသည်တွေ အပါအဝင် အားလုံးနီးပါးကတော့ ပုံမှန်အတိုင်း သွားလာနေကြဆဲဖြစ်လို့ ဝေဖန်မှုတွေဖြစ်လာတာပါ။

ဒီလိုလုပ်ဆောင်ဖို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွန်ကြားတဲ့အတွက် လုပ်ရတာဖြစ်တယ် လို့ စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် ရာအိမ်မှူး ဦးလှဌေးက RFA ကို ပြောပါတယ်။

“အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပေါ့နော်၊ စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ ကျွန်တော်တို့ လင်းလွန်းတောင်ရပ်ကွက်ဆိုရင် ကျွန်တော်တို့ လေးလမ်းရှိတယ်၊ လေးလမ်းအတွက်ကို ကျွန်တော်တို့ ကတ်ပြားလေးတွေ ပေးထားတယ်၊ လမ်းထဲကကားတွေက ပတ်ထွက်လို့ရမယ်၊ အဲလိုမျိုး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် လုပ်ခြင်းဖြစ်ပါတယ်၊ ပြင်ပကလာတဲ့ မော်တော်ယာဉ်တွေရော၊ ပစ္စည်းလာပို့တဲ့ ကလေးတွေရော၊ လမ်းထဲက ပစ္စည်းယူတဲ့သူတွေရော သန့်ရှင်းအောင်ပေါ့နော်၊ ကျကျနနဖြစ်အောင် စာရင်းလည်းကောက်တယ်၊ ဖုန်းနံပါတ်တွေ ယူထားတယ်၊ သူတို့ လက်တွေကို ဆေးပေးမယ်၊ အဲအတွက် အခိုက်အတန့်အားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှုကို အထောက်အပံ့ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်”

ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် အထိုက်အသင့် အထောက်ကူ ဖြစ်လိ့မ်မယ့်လို့လည်း ဦးလှဌေးက ဆိုပါတယ်။

ရပ်ကွက်အလိုက် ပြင်ပကားတွေ ပေးမဝင်ပေမယ့် လမ်းထဲမှာနေထိုင်သူတွေရဲ့ ကားတွေကိုတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ဝင်ထွက်ခွင့်လက်မှတ်တွေ ထုတ်ပေးထားပါတယ်။

ရန်ကုန်မြို့တွင်းမှာ အငှားယာဉ် တက္ကစီမောင်းတဲ့ ဦးဝင်းလွင်ဦးကတော့ လမ်းတွေစပိတ်လိုက်တဲ့ နေ့ကတည်းက အခက်အခဲတွေကြုံရတယ်လို့ RFA ကို ပြောပါတယ်။

“တချို့ကျတော့လည်း ဖွင့်ပေးတာပေါ့ အကျိုးအကြောင်းကို ပြောပြရင်၊ တချို့ကျတော့လည်း ဘယ်လိုမှကို ပြောပြလို့ မရဘူး၊ ဘယ်လိုမှကို အပြင်ကားကို ပေးမဝင်တဲ့အခါမျိုးမှာတော့ ကြိုလို့အဆင်မပြေတာမျိုး အခက်အခဲလေးတွေတော့ရှိတယ်၊ Positive လူနာတွေကလို့ Lock Down ချတာမျိုး မဟုတ်ဘဲနဲ့ အခုဒီကာလမှာမှ တစ်ရက်၊ နှစ်ရက်ပဲရှိသေးတယ် လုံးလုံးလမ်းကြီးကို ပိတ်ဆို့လိုက်တာမျိုးကတော့ အဆင်တော့ မပြေဘူးပေါ့၊ ပိတ်တယ်ဆိုတာကလည်း အခုလို အတားအဆီးတစ်ခုအနေနဲ့ ဆိုင်းဘုတ်လေးနဲ့ ပိတ်တာမျိုးလောက်ပဲကောင်းတယ်၊ လုံးလုံးကြီးပိတ်ဆို့လိုက်တာမျိုးကတော့ အခုနကလိုမျိုး အထဲကနေ ထွက်မရတာတို့ ဝင်လို့မလွယ်တာတို့ အဲလိုမျိုးကတော့ တော်တော်တော့ အခက်အခဲဖြစ်တာပေါ့၊ လမ်းမပေါ်သွားတဲ့အခါမှာလည်း တစ်ခါတလေ နီးမယ့်နေရာ မနီးတော့ဘဲနဲ့ တစ်ကွေ့တစ်ပတ်ကြီး ပတ်သွားရတာမျိုးတွေရှိတာပေါ့”

မဖြစ်မနေဝင်ရဖို့ရှိတဲ့အခါ တချို့လမ်းတွေက သေချာနားလည်အောင် ပြောပြလို့ရပေမယ့် တချို့လမ်းတွေကတော့ လုံးဝပေးမဝင်တာတွေနဲ့ပါ ကြုံရတယ်လို့ ဦးဝင်းလွင်ဦးက ဆိုပါတယ်။

ဒီလိုလမ်းပိတ်တာတွေ လုပ်လိုက်တဲ့နည်းနဲ့တော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် ဘယ်လိုမှ ထိရောက်မှာမဟုတ်ဘူးလို့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ဝေဖန်ထောက်ပြပါတယ်။

“လမ်းပိတ်တာတကယ်တော့ ဘာမှထိရောက်မှမရှိဘူး ပိုတောင်ဆိုးသေးတယ်၊ ဥပမာ ဒီရပ်ကွက်မှာ လမ်းက ထွက်ပေါက် ဆယ်ပေါက်ရှိတယ်ဆိုပါတော့၊ ခုနှစ်ပေါက်ကိုပိတ်ပြီး သုံးပေါက်ကို ဖွင့်တယ်ဆိုရင် လူတွေက အဲဘက်ကို စုသွားတာပဲလေ၊ ထိတွေ့မှုတောင် ပိုများသေးတယ်၊ တကယ်ဆိုရင်တော့ လမ်းပိတ်တာ ဘာမှအကျိုးသက်ရောက်မှုတော့ သိပ်မရှိပါဘူး၊ တကယ်လို့ ပိတ်မယ်ဆိုရင်လည်း အဲမှာတာဝန်ကျတဲ့ လူတစ်ယောက်တော့ရှိမှဖြစ်မှာ၊ ပိတ်ပြီးတော့ တစ်ယောက်မှမရှိရင်လည်း ပိတ်တဲ့ရည်ရွယ်ချက်က အဝင်အထွက်တွေ စိစစ်တာလေ၊ တာဝန်ကျတဲ့သူ တစ်ယောက်မှမရှိဘဲ ပိတ်ထားလည်း ဘာမှမထူးဘူး၊ ကားတွေကြပ်တာပဲ အဖတ်တင်တာ”

ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် စင်တင်ဘာလ ၁၁ ရက်နေ့မှာတော့ နေအိမ်မှာနေကြဖို့ (Stay at Home) အစီအစဉ်မှာ အကျုံးဝင်တဲ့ မြိ့နယ်တွေက ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေ အတိုင်း လိုက်နာကြဖို့နဲ့ ကြားလမ်းတွေကို ဝင်/ထွက်သွားလာမှု အဆင်ပြေအောင်သာပိတ်ကြဖို့  ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၂ ရက် ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃ ယောက် ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်ခံရသူ ၂၄၄၅ ယောက်ရှိသွားပါပြီ။ ဒီအထဲမှာ ရန်ကုန်တိုင်းက ၁ ထောင်ကျော်ရှိနေပြီး အများဆုံးဖြစ်နေတာပါ။

စက်တင်ဘာ ၁၁ ရက် မနေ့က ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ် 19 ကုသရေးဌာန (ဖောင်ကြီး) မှာ ၈၅၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ၆၉ ဦး၊ တောင်ဥက္ကလာပဆေးရုံကြီးမှာ ၅၇ ဦး၊ တပ်မတော် အသည်းရောဂါအထူးကု ဆေးရုံကြီးမှာ ကိုးဦး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ သင်္ကန်းကျွန်း ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးတို့မှာ တစ်ဦးစီ ကုသပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို ရန်ကုန်တိုင်းထဲမှာ ပိုးကူးစက်မှုနှုန်းတွေ မြင့်တက်နေတာကြောင့် အိမ်မှာပဲနေထိုင်ဖို့အတွက် ညွှန်ကြားချက်ထုတ်ပြန်ထားရာမှာ လမ်းအဝင်အထွက်တွေကို အခိုင်အမာပိတ်ဆို့ထားခြင်း မပြုလုပ်ဖို့နဲ့ သစ်ပင်တွေခုတ်လှဲပြီးပိတ်တာ သစ်သား၊ သံပြား၊ သွတ်ပြားတွေနဲ့ အပြည့်ကာရံပိတ်ဆို့တာတွေ မလုပ်ဖို့ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။