မွန်ပြည်နယ် ကျောက်မိုင်း လုပ်ငန်း ဒေသခံ ၅ဝဝ ကျော် ဆန္ဒပြ


2016.06.05
stone-mine-protest-mon-620.jpg ကျောက်မိုင်းလုပ်ငန်းတွေကို ဖျက်သိမ်းပေးဖို့ ဇွန်လ ၅ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်က ဒေသခံတွေ လမ်းလျှောက်ဆန္ဒပြနေစဉ်
Photo: RFA

မွန်ပြည်နယ် ပေါင်မြို့နယ်က ဥတ္တံတား (အုတ်တံတား) ကျေးရွာအနီးမှာရှိတဲ့ Long Life Aggregate Mining ကုမ္ပဏီရဲ့ ကျောက်မိုင်းလုပ်ငန်းတွေကို ဖျက်သိမ်းပေးဖို့ ဒေသခံ ၅၀၀ ကျော်က ဒီနေ့ လမ်း လျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။

အနီးအနားက လယ်မြေတွေ၊ ရေတွင်းရေကန်နဲ့ အဆောက်အဦးတွေ ပျက်စီးနေတာကြောင့် ကျောက်မိုင်း လုပ်ငန်းကို ပိတ်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုတာလို့ ဥတ္တံတားကျေးရွာသား ကိုဇော်ထွေး က ပြောပါတယ်။

"ဒီမှာအခုဆိုရင် ကျနော်တို့က လယ်တွေလည်းပျက်ထားပြီးပြီ၊ ဥယျာဉ်ခြံတွေဆိုရင်လည်း တချို့ခြံတွေ ပျက်နေတယ်၊ သာသနိကအဆောက်အဦးတွေလည်း အက်ကြောင်းတွေဖြစ်နေတာဆိုတော့ ပျက်စီးမှု ကတော့ တော်တော်များနေပါတယ်၊ ကျနော်တို့ကတော့ ရည်ရွယ်ချက်မများဘူး၊ တစ်ခုတည်းပဲ ပြည်သူတွေ အတွက် ဘယ်လိုမှကောင်းကျိုးမဖြစ်လာနိုင်တဲ့ ဒီကျောက်မိုင်းကို ကျနော်တို့ပြည်နယ်ကရပ်တန့်ဖို့ တစ်ခုပဲ၊ ပိတ်သိမ်းဖို့ အဲ့တစ်ခုတည်းပဲ ကျနော်တို့က ဦးတည်ပါတယ်"

ဆန္ဒပြရွာသားတွေဟာ ဥတ္တံတားရွာကို တစ်ပတ်လမ်းလျှောက်ပြီး Long Life Aggregate Mining ကုမ္ပဏီရှေ့မှာ လည်း ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီကုမ္ပဏီဟာ အခုဇွန်လကုန်ပိုင်းမှာ လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် လုပ်ကိုင်ခွင့် ထပ်မပေးဖို့ကိုလဲ တောင်းဆိုတာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဥတ္တံတားကျေးရွာ အနီးက ကုလားမတောင်မှာ ကျောက်မိုင်းထုတ်လုပ်နေ တာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဌာနတွေဆီ ကန့်ကွက်စာ အစောင် ၅၀ ကျော် တင်ထားပေမယ့် အခုချိန်ထိ ဖြေရှင်းမပေးသေးဘူးလို့ ရွာသား တွေက ပြောပါတယ်။

အဲဒီကျောက်မိုင်းကြောင့် ကျေးရွာရဲ့သောက်သုံးရေနဲ့ လယ်မြေ၊ ဥယျာဉ်တွေအတွက် လိုအပ်တဲ့ ရေအရင်း အမြစ်တွေ ပျက်စီးသွားနေသလို ချောင်းတွေမှာလဲ သဲတွေဖုန်းလွှမ်းပျက်စီးနေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။