တိုက်ပွဲတွေရပ်ဖို့ တောင်းဆိုခဲ့တဲ့ ကျောင်းသားတစ်ဦး ထပ်မံ ဖမ်းဆီးခံရ

ဇာဏီထွဏ်း၊ အောင်သိင်္ခ
2021-01-06
Share

ရခိုင်ပြည်နယ်က တိုက်ပွဲတွေရပ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့လို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ဇန်နဝါရီလ ၆ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။

လက်ရှိမှာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျောင်းသား စုစုပေါင်း ၁၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ စစ်ဆန့်ကျင်ရေး လှုပ်ရှားခဲ့လို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီ ၅ ရက်နေ့မှာ အောင်မြေသာဇံမြို့နယ် အမှတ် ၅ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။

ကိုဘုန်းမြင့်ကျော်ဟာ ဖမ်းဝရမ်းအထုတ်ခံထားရတာကြောင့် သူနေတဲ့ ပျော်ဘွယ်ကနေ မန္တလေးမှာ တိမ်းရှောင်နေတာပါ။ ကိစ္စတစ်ခုနဲ့ အပြင်သွားရင်း ရဲတပ်ဖွဲ့ဝင်တွေက လမ်းမှာပိတ်ပြီးဖမ်းလိုက်တာလို့ ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။

“အသိတစ်ယောက်ဆီသွားနေတုန်း လမ်းမှာကားနဲ့ပိတ်ပြီး ဖမ်းတယ်လို့ကြားပါတယ်။ သူကတော့ ဆိုင်ကယ်နဲ့ သွားတာပေါ့။ လမ်းကနေ ကားနဲ့ ပိတ်ဖမ်းတာပေါ့။ အမြဲတမ်းနေတာကတော့ ပျော်ဘွယ်မှာပေါ့။ အခုက မန္တလေးမှာ။ သူ့ကို ဝရမ်းထုတ်ထားလို့ ရှောင်နေတာ ဖြစ်တော့ သူဘယ်မှာနေလဲတော့ မပြောတတ်ဘူး”

ကိုဘုန်းမြင့်ကျော်ဟာ ဗကသ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်။

ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီ ၆ ရက်နေ့မှာ အောင်မြေသာစံတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ် စစ်ဆေးအပြီးမှာ အမရပူရတရားရုံးမှာလည်း တရားစွဲထားတာ ရှိတဲ့အတွက် ဆက်ခေါ်သွားပါတယ်။ အောင်မြေသာစံ တရားရုံးက ဇန်နဝါရီ ၁၂ ရက်မှာ ရုံးချိန်း ထပ်ခေါ်ထားပါတယ်။ ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) နဲ့ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုထားတာလို့ ကျောင်းသားတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲတပ်ဖွဲ့ကို RFA က ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီ ခွဲခန့်အချိန် ဆက်သွယ်ရာမှာ တာဝန်ကျ ရဲအရာရှိက ကိုဘုန်းမြင့်ကျော်ကို ရဲစခန်းမှာ ထိန်းသိမ်းထားတာ မရှိကြောင်းနဲ့ အဖမ်းဆီးခံထားရတယ်ဆိုတဲ့ ကိစ္စကို မသိကြောင်း ပြောပါတယ်။

ကိုဘုန်းမြင့်ကျော်လိုပဲ ဝရမ်းထုတ်ခံရလို့ တိမ်းရှောင်နေရတဲ့ ရတနာပုံကျောင်းသားများသမဂ္ဂက မအိမွန်ခင် ကတော့ ကျောင်းသားတွေကို အခုလိုဖမ်းပြီး နှစ်ရှည်ထောင်တွေ ချနေသရွေ့ ဒီမိုကရေစီနဲ့ အလှမ်းဝေး နေဦးမယ်လို့ ပြောပါတယ်။

“အိမ်ကိုတော့ ဝရမ်းစာ ရောက်မလာဘူးပေါ့။ တရားရုံးမှာတော့ အမှုစွဲဆိုထားတာ ရှိတယ်ရှင့်။ ညီမလည်း အိမ်မှာတော့ မရှိဘူးပေါ့။ တနေရာတော့ ရှောင်နေတယ်ရှင့်။ ကျောင်းသားတွေက ဘာဝါဒတွေကိုမှ စွဲကိုင်နေတာ မဟုတ်ဘူး။ ဖိနှိပ်ခံ လူတန်းစားတွေအတွက် တောင်းဆိုနေကြတာပေါ့လေ။ ကျောင်းသားတွေကို နှစ်ရှည်လများ စွဲထားနေသရွေ့ကတော့ သူတို့ပြောတဲ့ ဒီမိုကရေစီ ဆိုတာတော့ ရလာမှာမဟုတ်ပါဘူး”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက်က ရခိုင်ပြည်နယ်က စတင်တဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် အဖမ်းခံထားရတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား ၁၆ ယောက်ရှိနေပြီး တိမ်းရှောင်နေရတဲ့ ကျောင်းသား ၃၀ ကျော်၊ ပုဒ်မ ၅၀၅ (က)(ခ)၊ ငြိမ်းစုစီဥပဒေပုဒ်မ၊ သဘာဝဘေး အန္တရာယ် ဥပဒေတွေနဲ့ အမိန့်ချခံထားရတဲ့ ကျောင်းသား ၁၁ ယောက်ရှိတယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ သတင်းထုတ်ထား ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနန်းလင်းက -

"ကျနော်တို့ရဲ့ ဒေါင်းတို့မျိုးဆက် ရဲဘော်အဖွဲ့ဝင်တွေ ကိုယ်တိုင် ထောင်ထဲရောက်နေတယ် အဓိကကတော့ ကျနော်တို့ ယုံကြည်တာကတော့ အမျိုးသား ရင်ကြားစေ့ရေးတို့ အမျိုးသားညီညွတ်ရေး အစိုးရတွေ ပြောနေသလို တဖက်မှာလည်း အမျိုးသားပြန်လည် ညီညွတ်ရေးအတွက် ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဘာကြောင့်ပဲ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အဖွဲ့ကပဲ ဖမ်းထား ဖမ်းထား စစ်တပ်ကပဲ ဖမ်းထားဖမ်းထား စစ်တပ်ကပဲ တရားစွဲစွဲပေါ့နော် ပြန်လွှတ်ပေးရမယ့် အချိန်ကျပြီ။ ဒါမှလည်း သူတို့ပြောနေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတာတွေ ရှေ့နောက်ဆီလျော်တဲ့ အခြေအနေ ဖြစ်မယ်ပေါ့နော်။ ဒါပေမဲ့ အခုကျတော့ တဖက်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စကားတွေ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့်လည်း ကိုဗစ်ကာလ ကပ်ဘေးမှာတောင်မှ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်မလွှတ်တဲ့ အပြင် ထပ်ထပ်ပြီးတော့ ဖမ်းနေတာကတော့ တော်တော်လေးတော့ စိတ်ပျက်ဖို့ ကောင်းတယ်လို့တော့ မှတ်ချက်ပြုရလိမ့်မယ်။ လာမယ့် အစိုးရသစ် ဖွဲ့ပြီးရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးပဲဖြစ်မယ်လို့ ကျနော်နားလည်ထားပါတယ်" လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို စတစ်ကာကပ်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူတွေအထဲက ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကိုကျော်ရဲသူ၊ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုထက်အောင်တို့ကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်မှာ ပေါင်းတည်တရားရုံးကနေ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ထားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက တပ်မတော်ကို ဝေဖန်သံချပ်ထိုးခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇေယျာလွင် တို့ကလည်း အဲဒီပုဒ်မတွေနဲ့ပဲ တရားစွဲခံရပြီး ကိုဇေယျာလွင်နဲ့ ကိုပိုင်ဖြိုးမင်းတို့က ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့