မုန်တိုင်းကြောင့် လူ ၃ ဦးသေ ၆ ဦးဒဏ်ရာရ

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက တိုက်ခတ်ခဲ့တဲ့မုန်တိုင်းကြောင့် ရခိုင်၊ မကွေး၊ ပဲခူး၊ ကရင်၊ မွန်၊ ရှမ်း၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက လူဦးရေ ၇ ထောင်ကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး ဒဏ်ရာရသူ ၆ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးနေတဲ့ အိမ်တချို့ကို ၂ဝ၁၈ ခုနှစ် မေလ ၂၉ ရက်နေ့က တွေ့ရစဉ်

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက တိုက်ခတ်ခဲ့တဲ့မုန်တိုင်းကြောင့် ရခိုင်၊ မကွေး၊ ပဲခူး၊ ကရင်၊ မွန်၊ ရှမ်း၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက လူဦးရေ ၇ ထောင်ကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး ဒဏ်ရာရသူ ၆ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

အဲဒီမုန်တိုင်းကြောင့် ရခိုင်၊ မကွေး၊ မွန်၊ ရှမ်း စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပြီး နေအိမ် ၂ ထောင်ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက RFA ကို အခုလို ပြောပါတယ်။

"အဲဒီမုန်တိုင်းနဲ့ ဆက်စပ်ပြီးတော့ လေပြင်းတိုက်တာတွေဘာတွေပါ အစ်မတို့ ပေါင်းထားတာပေါ့၊ ရခိုင်၊ မကွေး၊ ပဲခူး၊ ကရင်၊ မွန်၊ ရှမ်း၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်ပေါ့နော်၊ မုန်တိုင်းတိုက်ရိုက်ခံစားရတာတွေရော သူနဲ့ဆက်စပ်ပြီးတော့ ကုန်းတွင်းပိုင်း လေတိုက်တာတွေဘာတွေရော ၉ ခုမှာ စုစုပေါင်းလိုက်တာကတော့ အိမ်ပေါင်းက ၂ ထောင်ကျော်၊ လူဦးရေပေါင်း ၇ ထောင်ကျော်၊ ဘာသာရေးအဆောက်အဦ ၁၇ ခု၊ ရခိုင်မှာက သေဆုံးသူ ၃ ဦး၊ နောက် ဒဏ်ရာရသူ ၆ ဦးဆိုတာက ရခိုင် ၂ ဦး၊ မကွေး ၂ ဦး၊ မွန် ၁ ဦး၊ ရှမ်း ၁ ဦး"

ဆန်ရိက္ခာဖိုးတွေ၊ အိမ်ဆောက်ပစ္စည်းဖိုးတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ဒဏ်ရာရသူတွေအတွက် ထောက်ပံ့ တာတွေ၊ သေဆုံးသူတွေအတွက် တစ်ဦးကို ၃ သိန်းနှုန်းနဲ့ အားလုံးစုစုပေါင်း ငွေကျပ်သန်းပေါင်း ၁ဝဝ ကျော် ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့လည်း ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း တို့ဘက်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ ရေကြီးရေလျှံမှုတွေကြောင့် တံတားနဲ့ လမ်းပိုင်းတွေ၊ ရေကာတာတွေ ပျက်စီးမှုတွေရှိခဲ့ပြီး ရေတိုက်စားလို့ ကမ်းပြိုမှုတွေကြောင့် နေအိမ်တချို့ပြောင်းရွှေ့ရမယ့် အခြေအနေတွေလည်း ရှိနေပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာတော့ ကလေးငယ် တစ်ဦး ရေထဲမျောပါသေဆုံးခဲ့ပြီး သီပေါမြို့နယ် နမ့်လန် ကျေးရွာမှာ မိုးများပြီး တောင်ကျရေတွေကြောင့် နေအိမ်တွေ ရေထဲမျောပါတာ၊ လမ်းပိတ်ဆို့တာတွေ မနေ့က ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်က ကန်တော်ဆည် ရေဖောက်ချခဲ့တာကြောင့် ကျေးရွာတချို့နဲ့ လမ်းပေါ် တွေမှာ ရေတွေဝင်ရောက်ခဲ့ပြီး ရွှေချောင်း ချောင်းရေ မြင့်တက်ခဲ့မှုကြောင့် နေအိမ်တချို့ ရေထဲမျော ပါသွားခဲ့တာကြောင့် ထောက်ပံ့မှုတွေ ပြုလုပ်ပေးထားရတယ်လို့ မကွေးတိုင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။