ကျောင်းသားတွေနဲ့ အစိုးရ သဘောတူညီချက်ရ


2018.08.01
students-union-education-minister-622.jpg အဆင့်မြင့် ပညာဥပဒေနဲ့ စပ်လျဉ်းတဲ့ တရားဝင် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ သြဂုတ်လ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြစဉ်
Credit - Chit Win Maung
နြေပည်တော် အဆင့်မြင့်ပညာ ဦးစီးဌာနမှာ ဗုဒ္ဓဟူးနေ့ မနေ့က ကျင်းပတဲ့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေနဲ့ အစိုးရ ပညာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းကို ပြန် လည်ရေး ဆွဲတဲ့အခါ ကျောင်းသားကိုယ်စားလှယ်တွေပါဝင်ခွင့်ပြုဖို့ အစိုးရဘက်က သဘောတူညီလိုက်ပါတယ်။ ဒါ့အပြင် ကျောင်းသား သမဂ္ဂတွေ၊ အဆင့်မြင့်ပညာဦးစီးဌာန နဲ့ ပါမောက္ခချုပ်များကော်မတီတို့ ပူးပေါင်းပြီး ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပရေးနဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖေါ်ရေးအတွက် ဆက်လက်ညှိနိုင်းကြဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

နေ့လည် ၁ နာရီက ည ၁၁ နာရီထိ ၁ဝ နာရီကြာမြင့်တဲ့ အဲဒီဆွေးနွေးပွဲမှာ အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနဲ့ ကျောင်းသားတွေအကြား အပြင်းအထန်တင်းမာမှုတွေ ပေါ်ပေါက် ခဲ့တယ်လို့ ပါဝင်တက်ရောက်တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုနန်းလင်းက RFA ကိုပြောပါတယ်။

"ညနေ ၅ နာရီလောက်မှာ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အဆုံးအဖြတ်ယူဖို့ ဒေါက်တာမျိုးသိန်းကြီး ကို ကျနော်တို့ လှမ်းပို့တယ်၊ ဒေါက်တာမျိုးသိန်းကြီး ကို လှမ်းပို့လိုက်တဲ့အခါမှာ ဒေါက်တာသိန်းဝင်း ချက်ချျင်းပြန်ရောက်လာတယ်၊ သူပြန်ရောက်လာတဲ့အခါမှာ ကျနော်တို့ တညနေလုံး ထိုင်ဆွေးနွေး ထားတဲ့ အချက်တွေအားလုံးကို သူက cancel လုပ်လိုက်တယ်၊ ဒါကြီးက သဘာဝမကျပါဘူး၊ သူတို့သွားတဲ့လမ်းကြောင်းနဲ့ မတူပါဘူးဆိုပြီးဖြစ်သွားတယ်၊ သူတို့က မနက်ပိုင်းဆွေးနွေးပွဲမှာ ဘာပြောသလဲဆိုတော့ လက်ရှိအဆင့်မြင့် ပညာဥပဒေကို ရှေ့နေချုပ်ရုံးကို တင်ထားပါတယ်ပြောတယ်၊ ဒါပေမဲ့ ညနေကျတော့ မဟုတ်ဘူးတဲ့ ရှေ့နေရုံး တင်တဲ့ ဥပဒေကိုလည်း ဆက်မလုပ်တော့ဘူးတဲ့၊ အသစ်ကစပြန်ဆွဲမယ်တဲ့၊ ဘယ်လိုဆွဲမလဲဆိုရင် တက္ကသိုယ် ပဋိညာဉ်ကို အရင်ဆွဲမယ်၊ အဲဒါဆွဲပြီးတော့ Pilot လုပ်ပြီးတဲ့အခါကျရင် အဲဒီ ပဋိညာဉ်ကို အခြေခံပြီး အဆင့်မြင့် ပညာ ဥပဒေတစ်ခု ထပ်ဆွဲပါမယ် ဆိုပြီး ကျနော်တို့ကိုပြောလာတယ်၊ အဲဒီအချိန်ဟာ ညနေ ၅ နာရီခွဲ၊ ၆ နာရီလောက်ဖြစ်သွားပြီ၊ တနေ ကုန် ကျနော်တို့ ဒီမှာရှိနေတဲ့ ဆရာမတွေနဲ့ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ထားတဲ့အချက်ကတခြား သူပြောလာတဲ့နောက်ထပ် option က တခြားဖြစ်တဲ့အခါမှာ ကျောင်းသား သမဂ္ဂတွေနဲ့ ဒေါက်တာ သိန်းဝင်း ကြားမှာ တော်တော်လေးပြင်းပြင်းထန်ထန် ပြောဆိုမှုတွေဖြစ် တယ်ပေါ့နော်၊ ဒီဟာကို ဘယ်သူဆုံးဖြတ်မလဲ၊ ဝန်ကြီးချုပ်ဖြတ်မှာလား၊ ဝန်ကြီးလာအောင် စောင့်မယ် ဆိုပြီး ကျနော်တို့ ကျောင်းသားသမဂ္ဂဘက်ကလည်း ပြင်းပြင်းထန်ထန် တောင်းဆိုမှုတွေလုပ်လာတယ်"

အဲဒီလို တင်းမာမှုဖြစ်ပွားတာကို ပြည်သူ့လွှတ်တော် အမျိုးသားပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာ တင်အောင်က ကြားဝင်ညှိနှိုင်းပေးတဲ့အတွက် ည ၁၁ နာရီမှာ အခုလို သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ကျောင်းသားသမဂ္ဂတွေ အရင်ကထက် အခွင့်အရေး အများကြီး ပိုမိုရရှိလာပေမယ့် လုပ်နည်းလုပ်ဟန်နဲ့ နားလည်မှု လွဲမှားတာတွေကြောင့် ပြသနာတချို့ကြုံတွေ့နေရတယ်လို့လည်း ကိုနန်းလင်း က ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။