အိုးဘိုထောင်က ကျောင်းသားတွေအတွက် အာမခံလျှောက်ထားမှု တရားရုံးပယ်ချ

2015-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံ တက္ကသိုလ် ကျောင်းသား ၄ ဦးကို အာမခံပေးဖို့အတွက် ကျောင်းသားတွေရဲ့ရှေ့နေက လျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

သူတို့ ၄ ဦးကို အာမခံပေးလိုက်ရင် ရတနာပုံတက္ကသိုလ်ကျောင်းအတွင်း ပညာသင်ကြားရေးကို အနှောင့် အယှက် ဖြစ်စေနိုင်တယ်ဆိုပြီး မြို့နယ်တရားသူကြီးက ပယ်ချလိုက်တာလို့ ဖမ်းခံထားရတဲ့ ကျောင်းသား ကိုအောင်ဆန်းဦးရဲ့ ဖခင် ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

"အာမခံမရဘူးဗျ အာမခံမရသေးဘူး၊ သူတို့ဖျက်စီးလို့ရှိရင် တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားရေး အနှောင့်အယှက်ဖြစ်တယ်လို့ ပါတယ်ခင်ဗျ၊ ပုဒ်မက ၅ဝ၅(ခ) အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်တယ်"

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ်ကျောင်းသားတွေနဲ့ ကျောက်ဆည်တက္ကသိုလ်က ကျောင်းသား ၃ဝ ကျော်ဟာ ဖမ်းဆီးခံကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ရတနာပုံတက္ကသိုလ်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး တက္ကသိုလ် မုခ်ဦးရှေ့မှာ "စစ်တစ်ပိုင်း အစိုးရ ကျဆုံးပါစေ" ဆိုတဲ့ စာသားကို ဆေးမှုတ်ပြီး ရေးသားခဲ့ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းဦး၊ ကိုနိုင်ရဲဝေ၊ ကိုဂျစ်တူးနဲ့ ကိုဥာဏ်လင်းထက်တို့ကို အမရပူရမြို့နယ် ရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာပါဝင်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှု စတဲ့ ပုဒ်မ ၄ ခုနဲ့ တရားစွဲပြီး အိုးဘိုထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

အဲ့ဒီ ကျောင်းသား ၄ ဦးဟာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ စာမေးပွဲဖြေဆိုရမှာဖြစ်တဲ့အတွက် အာမခံပေးဖို့ သူတို့ရဲ့ ရှေ့နေက လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

လွန်ခဲ့တဲ့ အနှစ် ၅၀/၆၀ ကိုပြန်ကြည့် ပညာရေး ကိုဖျက်တာ ကျောင်းသား မဟုတ်ဘူး စစ်အာဏာရှင်တွေ။ အဲဒီတော့ တရားရုံး က ပညာရေး ဖျက်ဆီးမှာ စိုးရင် စစ်အာဏာရှင်တွေ ကို အရင် ရေးယူရမှာ။

Aug 21, 2015 07:42 PM

ဆိုက်တခုလုံးသို့