မဝင်းမော်ဦးအတွက် အမျှဝေ


2016-05-21
Share
winmawoo-anniversary-620.jpg မဝင်းမော်ဦးကို ရည်စူးပြီး ဂုဏ်ပြုအမျှဝေပွဲကို မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် တော့ဘို့ကုန်းကျေးရွာမှာ မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: Nay Myo Kyaw (facebook)

ရှစ်လေးလုံးအရေးအခင်းမှာ စစ်တပ်ရဲ့ပစ်ခတ်ဖြိုခွဲမှုကြောင့် သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကျောင်းသူ မဝင်းမော်ဦးကို ရည်စူးပြီး ဂုဏ်ပြုအမျှဝေပွဲကို မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် တော့ဘို့ကုန်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းရင်း သေဆုံးခဲ့တဲ့ မဝင်းမော်ဦး ကို ဒီမိုကရေစီအစိုးရ တစ်ရပ်ဖြစ်ပေါ်လာတဲ့အခါ ရွာသူ ရွာသားတွေက ဂုဏ်ပြုတဲ့အနေနဲ့ ရေစက်ချ အမျှဝေတာဖြစ်တယ်လို့ တော့ဘို့ကုန်းကျေးရွာကပွဲကို တက်ရောက် ခဲ့တဲ့ မင်းဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် က ပြောပါတယ်။

"ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ကောျင်းသူလေးတစ်ဦးအတွက် ထားရှိတဲ့မေတ္တာ တရားပေါ့ဗျာ၊ ကျဆုံးသွားတဲ့ရဲဘော်တစ်ဦးအတွက် ကျန်ရစ်ခဲ့တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ၊ သူ့ကိုတန်ဖိုးထားတဲ့ပြည် သူတွေက သူ့အတွက်နှစ်ပေါင်း ၂၈ နှစ်အကြာမှာ အခုလိုဂုဏ်ပြုအောက်မေ့တယ်၊ အမျှဝေတယ်ဆို တာ ကောင်းတဲ့လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်"

တော့ဘို့ကုန်းကျေးရွာမှာ ကျင်းပတဲ့ မဝင်းမော်ဦးအတွက် အမျှဝေပွဲကို လွှတ်တော်ကိုယ်စားလှယ် တွေ၊ နီးစပ်ရာကျေးရွာတွေက ရွာသူရွာသားတွေ စုစုပေါင်း လူ ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မဝင်းမော်ဦးဟာ မြန်မာပြည် ဒီမိုကရေစီ မရမချင်း သူ့အတွက် အမျှမဝေဖို့ သူ မကွယ်လွန်ခင်မှာ ဖခင်ဖြစ်သူကို မှာကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်သူတွေ တင်မြှောက်တဲ့ အရပ်သားအစိုးရ တစ်ရပ်ထွက်ပေါ်လာပြီဖြစ်တဲ့အတွက် မနက်ဖြန် မေလ ၂၂ ရက်နေ့မှာ မဝင်းမော်ဦး မိဘတွေက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က နေအိမ်မှာ သမီးဖြစ်သူအတွက် အမျှပေးဝေမှာဖြစ်ပါတယ်။

မဝင်းမော်ဦးဟာ ၁၉၈၈ ခုနှစ်က အ.လ.က (၄) ကြည့်မြင်တိုင်မှာ ရှစ်တန်းတက်ရောက်နေတဲ့ ကျောင်းသူဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ရင်း လူထုချီတက်ပွဲမှာ ပါဝင်ခဲ့ ရာ သေနတ် ကျည်ဆန်ထိမှန်ပြီး ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်က မဝင်းမော်ဦးနဲ့အတူ ချီတက်ကြသူတွေထဲမှာ ကျောင်းသား ၁၇ ယောက် ကျည်ဆန်ထိမှန်ပြီး၊ အဲ့ဒီထဲက ၃ ယောက် သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့