ရွေးကောက်ပွဲရက် စစ်အစိုးရ မကြေညာနိုင်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

ရွေးကောက်ပွဲကျင်းပမဲ့ ရက်ကို ခုချိန်အထိ ကြေညာနိုင်ခြင်း မရှိတာဟာ စစ်အစိုးရမှာ အခက်အခဲ တစုံတရာ ရှိနေလို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် ပြီးပြတ်ခြင်း မရှိသေးပဲ ရွေးကောက်ပွဲ ကျင်းပဖို့ ဆိုတာလည်း စဉ်းစားရ ခက်တဲ့ အနေအထား ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

2010.08.11
election_law_nld_member_305_Z.jpg မြန်မာစစ်အစိုးရက ထုတ်ပြန်ကြေညာသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို မတ်လ ၁၀ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်မြို့ရှိ ရုံးချုပ်တွင် အဖွဲ့ဝင်တဦး ဖတ်ရှုနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်နဲ့ သြဂုတ်လ ၁၁ ရက် ဒီကနေ့ တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းအဆိုအရ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေများအပြင် တခြားသော ကန့်သတ်ချက်တွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သေးတယ်လို့ ပြောပါတယ်။

“ဒီဟာနဲ့ ဆက်စပ်ပြီးတော့ပဲ အခုနက တရားဥပဒေ စိုးမိုးရေးဆိုတာကို ပြောနေတာပါ။ တရားဥပဒေမှာ မပါတဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတာ အဲဒါက ဟို ဥပဒေအရ ကျူးကျော် ဆောင်ရွက်တာပေါ့၊ ultra vires ပေါ့နော်၊ အဲဒီဟာကြောင့် တရားဥပဒေစိုးမိုးရေး ရှိဖို့ လိုတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဒါကြောင့် ပြောနေတာပါ။”

ဒီကနေ့ မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်း ပြောပြတာပါ၊ ဦးဉာဏ်ဝင်းနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်တို့ သွားရောက်တွေ့ဆုံခဲ့တာပါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း စုံစမ်းသိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကို RFA မှ ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။