ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားသံတမန်များ ဆက်လက်တွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် နိုင်ငံသံအမတ်ကြီး Maria Helen Barber က ဗဟန်းမြို့နယ် ဆရာစံလမ်းမှာ ရှိတဲ့ သူမရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၆ ရက် ဒီကနေ့ နေ့လည်စာနဲ့ တည့်ခင်းပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ အလေးထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2010.12.06
assk_media_305_z.png နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီတွေ့ဆုံပွဲမှာ နှစ်ဖက် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါ သွားခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ရာမှာ ခုလို ပြောပြပါတယ်။

“အဓိကကတော့ ဖိလိပိုင် သံအမတ်ကြီးက သူတို့နိုင်ငံရဲ့ အခြေအနေနဲ့ ဒီက အခြေအနေ နှိုင်းယှဉ်ပြောတယ်။ နောက် ဒီဖက်က ကျွန်တော်တို့ ရွေးကောက်ပွဲ မဝင်တဲ့ ပါတီအနေနဲ့ ရှေ့ဆက် ဘယ်လို ဟိုဒင်းပြုမလဲ၊ အဲ ဒါနဲ့ ပတ်သက်ပြီး အမှုအခြေအနေကို ကျွန်တော်တို့ ပြောပြတယ်။ အမှုအခြေအနေဆိုတာ ကျွန်တော်တို့ အထူးအယူခံ ဝင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့ အကြောင်းကို ကျွန်တော် ရှင်းပြပါတယ်။ အင်း... တနာရီကျော်ကျော်လောက် ကြာတယ်ဗျ။ စကားတော့ အများကြီး ပြောဖြစ်ပါတယ်။ ဒီမိုကရေစီ ထူထောင်ရေးအတွက် လိုအပ်တဲ့ ဆွေးနွေးချက်တွေပေါ့ဗျာ။”

ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အစဉ်တစိုက်ထောက်ခံ အားပေးနေတဲ့ နိုင်ငံဖြစ်ပြီး၊ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ပျက်ကွက်မှုတွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်တဲ့ အာဆီယံ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

လက်ရှိ ဖိလစ်ပိုင်သမတသစ် ဘန်နစ်နို အကွီနိုဟာ နိုဝင်ဘာ ၂၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့အတွက် ဝမ်းမြောက်ကြောင်း၊ မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် စစ်မှန်တဲ့ ဆောင်ရွက်ချက်တွေ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun ဟာ မနက်ဖြန် ရန်ကုန်မြို့ကို လာရောက်ဖို့ ရှိပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလ ၁၀ ရက် သောကြာနေ့မှာ နှစ်ဦးချင်း တွေ့ဆုံဖို့ ရှိတယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ ၁၀ ရက်နေ့မှာ တွေ့မယ်။ ဒေါ်စုနဲ့ နှစ်ဦးချင်း ဆွေးနွေးမယ်၊ နောက်တခါ NLD CEC နဲ့ တွေ့မယ်၊ ပြီးရင် နောက်တခါ CRPP နဲ့ တွေ့မယ်။”

မစ္စတာ Joseph Yun ရဲ့ ခရီးစဉ်ဟာ ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေး မူဝါဒအပါအဝင် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ကျင့်သုံးနေတဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်ရေးအတွက် အရေးပါတဲ့ ခရီးစဉ် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူ NDD သုတေသန အဖွဲ့က ဦးဌေးအောင်က ပြောပါတယ်။

“အဲဒီတော့ နိုင်ငံတကာရဲ့ အနေအထားနဲ့ ပတ်သက်လို့ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အပေါ်မှာပေါ့လေ၊ အဲ သူတို့ ကြိုဆို နှုတ်ဆက်ရုံသာမကပဲနဲ့ ဒီ အဖွဲ့ချုပ်ရဲ့ ရှေ့ လုပ်ငန်းစဉ်သဘောထားတွေကိုလည်း သူတို့ မေးမြန်းတီးခေါက်နေတဲ့ သဘောထားတွေ ရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ သူတို့နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီပေါ့။ အထူးသဖြင့် ဒီ နအဖ စစ်အစိုးရအပေါ်မှာ ဆက်ဆံရမဲ့ သူတို့ရဲ့ ပေါ်လစီကို ပြန်သုံးသပ်လိမ့်မယ်လို့ ကျွန်တော်က ယုံကြည်တယ်။ အဲဒါကြောင့်၊ အခု အမေရိကန်ပေါ့လေ၊ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို သွားတဲ့ ကိစ္စကလည်းပဲ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်ဆိုလို့ရှိရင်ပေါ့နော်။ ဒီ ရှေ့ NLD ရဲ့ လုပ်ငန်းစဉ်တွေ၊ နောက်ပြီးတော့ NLD ကနေပြီးတော့ ဒီ စစ်အစိုးရအပေါ်မှာ ထားရှိတဲ့ သဘောထားတွေ၊ နောက်တခုကလည်း ခုနလိုပေါ့ အဲဒီ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေအပေါ်မှာ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ရဲ့ သဘောထားတွေကို မေးမြန်းဆွေးနွေးလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။”

မစ္စတာ Joseph Yun ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်ပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်မဲ့ အမေရိကန်အစိုးရရဲ့ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ် ဖြစ်ပါတယ်။ သူဟာ အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဆက်ဆံရေးတိုးတက်မှုကို ပြန်လှန် သုံးသပ်နေသူ ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တို့နဲ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မလေးရှား နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

သူဟာ ဗြိတိန်နိုင်ငံက ကမ္ဘာကျော် LSE လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံတက္ကသိုလ် Wales တက္ကသိုလ်တို့မှာ ပညာဆည်းပူးခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၈၅ ခုနှစ်က စတင် အမှုထမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုတော့ အခုနှစ် သြဂုတ်လ ၁၀ နေ့က စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။