အမေရိကန်၊ ဥရောပသမဂ္ဂ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
2010.11.16
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ရက်စေ့သည့် နိုဝင်ဘာ ၁၃ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ မြို့တော်ခန်းမရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ချိတ်ဆွဲထားကာ ပဲရစ် မြို့တော်ဝန် ဘာထရန် ဒီလန်နိုး မိန့်ခွန်းပြောနေပုံ ဖြစ်ပါသည်။ ပြင်သစ် ရုပ်ရှင်မင်းသမီး မာရီယွန် ကော်တီလတ် (ယာမှ ပဉ္စမ) နှင့် ဗြိတိသျှ အဆိုတော် ဂျိန်း ဘာကင် (ဝဲမှ တတိယ) တို့လည်း တက်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပဲရစ်မြို့၏ ဂုဏ်ထူးဆောင် မြို့သူလည်း ဖြစ်သည်။ (Photo: AFP)
(Photo: AFP)
မနက်ပိုင်းက အမေရိကန် သံရုံး ယာယီတာဝန်ခံ အိမ်ကို သွားရောက်တွေ့ဆုံခဲ့သလို ဥရောပသမဂ္ဂက သံအမတ်ကြီးများနဲ့ ဒီ်ကနေ့ ညနေ ၅ နာရီက တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့တယ်လို့ ပါတီပြောခွင့်ရသူ NLD ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
သံအမတ်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြောဆိုသလဲဆိုတာ မသိရသေးပေမဲ့ မနေ့က တွေ့ဆုံရာမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ပြောဆိုတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအဝိုင်းကို အပြုသဘောဆောင်ပြီး မြန်မာနိုင်ငံအရေးကို တက်တက်ကြွကြွ ဆောင်ရွက်ပြတဲ့ အနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ချက်ချင်း လွတ်မြောက်ရေးကိစ္စတွေကို အလေးအနက်ထား ပြောခဲ့တယ်လို့ ရန်ကုန်သံတမန် အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။









