မြန်မာ့ဒီမိုကရေစီရေးမှာ ကမ္ဘာလူငယ်များ ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

တောင်အာဖရိနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းသား လူငယ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီရေးကို ကူညီဖို့ ကမ္ဘာ့လူငယ်ထုကို ပထမဦးဆုံးအကြိမ် ဗီဒီယိုမိန့်ခွန်းကတဆင့် ပန်ကြားလိုက်ပါတယ်။

2010-12-13
Share
assk_t-shirt_nld_youth_305_z.png ‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ လူမှုအသွင်ကူးပြောင်းမှု စတာတွေ အားလုံးဟာ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲစေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ကျမတို့လည်း မြန်မာပြည်ဆိုတဲ့ ကျမတို့ကမ္ဘာကို ပြောင်းလဲချင်သလို လူငယ်တွေကလည်း သူတို့ရဲ့ကမ္ဘာကို သူတို့ပြောင်းလဲချင်တာပါ။ ဒါပေမဲ့ အခုချိန်ထိ ဘယ်နေရာမှ အပြောင်းအလဲ မဖြစ်သေးပါဘူး။ ဒါကြောင့်မို့လို့ အခြေခံတန်ဖိုးဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေနဲ့ ကျမတို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ မျိုးဆက်ကွာခြားမှုဆိုတဲ့ အားနည်းချက် မရှိသင့်ပါဘူး လူငယ်တွေအနေနဲ့လည်းကျမတို့ကို သူတို့ရဲ့သူငယ်ချင်း မိတ်ဆွေတွေလို သဘောထားမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့အတွက် ကမ္ဘာတဝန်းက လူငယ်တွေရဲ့ အကူအညီတွေကို ကျမတို့ အများကြီး လိုအပ်ပါတယ်။ ဒီအတွက် ကျမတို့ဆီကို ဆက်သွယ်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

နိုင်ငံတကာ လူငယ်ကျောင်းသားများ ပွဲတော်အခမ်းအနားကို မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီပွဲတော်ကို လေးနှစ်တကြိမ် World Federation of Democratic Youth ကဦးစီးကျင်းပတာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၃၅ နိုင်ငံက ကိုယ်စားလှယ် သုံးသောင်းလောက် တက်ရောက်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေနဲ့ အိန္ဒိယအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ရဲဘော်ကျော်သန်း တက်ရောက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့