ပါတီလုပ်ငန်းတာဝန်များ ဒေါ်အောင်ဆန်းစုကြည် စတင်ထမ်းဆောင်
2010.11.15
နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီကနေ့ မနက်ပိုင်း ၁၀ နာရီမှာ အရင်ဆုံး ဥပဒေ အထောက်အကူပြု အဖွဲ့နဲ့ တွေ့ဆုံပြီး ပါတီ ရင်ဆိုင်နေရတဲ့ အခြေအနေအရပ်ရပ်နဲ့ ဥပဒေရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မနေ့က မေးမြန်းခွင့်မရခဲ့တဲ့ နိုင်ငံခြား သတင်းထောက်တွေရဲ့ ပန်ကြားချက်အရ ဒီကနေ့မှာ သတင်းထောက်တွေနဲ့ ထပ်မံ တွေ့ဆုံခဲ့တယ်လို့ ပါတီပြောခွင့်ရသူတွေက ပြောပါတယ်။
မွန်းလွဲပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင် လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက လွတ်လာရင် တွေ့ဆုံခွင့်ရဖို့ ရန်ကုန်မြို့မှာ ကြိုတင် ရောက်ရှိနေကြတဲ့ ပြည်နယ်တိုင်းအသီးသီးက ပါတီ စည်းရုံးရေးအဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပါတီ ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
ညနေ ၄နာရီကျော် ဒေါ်အောင်ဆန်းစုကြည် ပြန်သွားချိန်မှာ ပြည်တွင်း သတင်းထောက်တွေ၊ ရာနဲ့ချီတဲ့ ပြည်သူလူထုက ရုံးဝကနေ စောင့်ကြို နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီ့နောက် ညနေပိုင်းမှာ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ ဥပဒေရေးရာကိစ္စတွေ ဆက်လက် ဆွေးနွေးခဲ့တယ်လို့လည်း စုံစမ်းသိရပါတယ်။









