ပါတီဖျက်သိမ်းမှု အယူခံလွှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး
2011.01.06
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်အတွက် တရားရုံးသို့ တင်ပြ လျှောက်ထားသည့် အမှုနှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဉာဏ်ဝင်းတို့ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၊ ဗဟိုတရားရုံးချုပ်သို့ ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီဆွေးနွေးပွဲမှာ NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် စစ်အစိုးရကို တရားဆွဲခဲ့တာကို ဗဟိုတရားရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ပြန်လည်တင်ဖို့ အတွက် ဥပဒေ အထောက် အကူပြုအဖွဲ့ က ပြုစုထားတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ ဆွေးနွေးတာဖြစ်ပါတယ်။
ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ထုံးလုပ်နည်းတင်မကပဲ တည်ဆဲဥပဒေများနဲ့ ကိုက်ညီမှုမရှိဘူုးလို့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“နံပါတ် ၁ က ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့လည်း မညီညွတ်ဖူး၊ နံပါတ် ၁ အချက်။ နံပါတ် ၂ အချက်က general clauses act ပေါ့၊ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဥပဒေ၊ အဲဒီ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ မညီညွတ်ဖူး။ ဒီနှစ်ခုကို အဓိက အခြေပြုဖို့ ကျွန်တော်တို့ ညှိနှိုင်း သဘောတူကြပါတယ်။ အယူခံ အကြောင်းပြချက်တို့ ဘာတို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အားလုံး သဘောတူညီမှု ရပြီ၊ ဒီပေါ်မှာ စာချော ပြုစုပြီးတော့ လိုအပ်တဲ့ တရားရုံး ထုံးစံတွေ လုပ်ပြီးတာနဲ့ ချက်ချင်း တင်မှာပါ။”
အယူခံကို ရှေ့လာမဲ့ အပတ်အတွင်း တင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အယူခံကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။









