တာချီလိတ်မြို့ မြေပြိုမှု လူ ခုနှစ်ဦး သေဆုံး


2014.07.13
tachileik-land-slide-305 ဇူလိုင်လ ၁၃ ရက်နေ့ တာချီလိတ်မြေပြိုမှုမှာ ကယ်ဆယ်ရေးလုပ်နေကြစဉ်
Photo: Tachileik Online News

ထိုင်းမြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မနေ့ညက မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မနက် ၂ နာရီလောက်မှာ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူခုနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်က သရက်တော ဘုန်းကြီးကျောင်းအနီးမှာ နေထိုင်တဲ့  ငါးခန်းတွဲ အဆောက်အဦးပေါ်ကို မြေပြိုကျပြီး သေဆုံးခဲ့ကြတာနဲ့ ပတ်သက်လို့ တာချီလိတ်မြို့ခံတစ်ဦးဖြစ်တဲ့ ကိုငယ် က RFA ကို ပြောပါတယ်။

ညကမိုးတအားရွာလို့ မြေကြီးပြိုပြီးတော့ အိပ်ခန်း ငါးခန်းရှိတဲ့ ၅ ခန်းတွဲ အိမ်လေးကိုပြိုကျတာ မြေကြီးက ဒသမဝိဟာရကျောင်းတိုက် အတက်လေးက အဲ့ငါးခန်း တွဲမှာ သူက တောင်နဲ့ မြေကမ်းပါးရံနဲ့ ကပ်နေတဲ့ နှစ်ခန်းက နှစ်မိသားစုလုံး ခုနှစ်ယောက်ပေါ့ သေဆုံးသွား တယ်လေ။ လင်မယားနှစ်ယောက်နဲ့ ကလေးနှစ်ယောက်က တစ်စုံတွဲ၊ လင်မယားနှစ်ယောက်နဲ့ ကလေးသေးသေးလေး အူဝဲလေးနဲ့ကတစ်ယောက် အားလုံးပေါင်း ခုနှစ်ယောက် နှစ်မိသားစုပေါ့"

မြေပြိုမှုကြောင့် သေဆုံးသွားသူတွေထဲမှာ အသက် ၈ လသားအရွယ် ခလေးငယ်တစ်ယောက်ပါဝင်ပြီး သူတို့အားလုံး ကို သဂြိုလ်နိုင်ဖို့အတွက် တာချီလိတ်မြို့ မဟာမြတ်မုနိဘုန်းတော်ကြီးကျောင်းမှာ ခေတ္တပို့ထားတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာချီလိတ်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ စခန်းမှူး ကျော်သန်းက RFA ကို အတည်ပြုပြောပြပါတယ်။

“သေဆုံးသွားတာတော့ ခုနှစ်ယောက် မိသားစု နှစ်စုခင်ဗျ၊ ဒဏ်ရာရတာတော့ မရှိဘူး၊ တစ်စုက လေးယောက် တစ်စုက သုံးယောက်ပေါ့။ သူတို့က အုတ်တံတိုင်းကာထားတာပေါ့ မိုးတွေက အဆက်မပြတ် ဒီမှာရွာတဲ့အခါ ကြတော့ ပိတ်ပိပြီးတော့မှ အဲ့ဒီ အုတ်တံတိုင်းကပြိုတာ ပြိုတော့အိမ်နှစ်လုံးပေါ် ပိသွားတာ ဒါပါပဲ၊ ကျနော်တို့ ရဲစခန်းကတော့ သေမှုသေခင်းဖွင့်ပြီးတော့ လုပ်ထားတာပေါ့"

တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် အခုလို သေဆုံးတာမျိုး မကြုံခဲ့ဘူးပဲ အခုတစ်ကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။