တနိုင်းကဒုက္ခသည်တွေ နေရပ်ပြန်လို့ရပြီလို့ ဝန်ကြီးချုပ် ပြော


2018.04.19
tanaing-refugees-622.jpg တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ တနိုင်းမြို့နယ်က ရွာသားတွေကို တွေ့ရစဉ်
Photo: Hkun Awng Nlam Facebook

ကချင်ပြည်နယ် တနိုင်း-ဟူးကောင်းဒေသမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရသူတွေ မူလရပ်ရွာတွေမှာ ပြန်လည်နေထိုင်လို့ရပြီဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောပါတယ်။

ကချင်ပြည်နယ်က ကြက်ခြေနီနဲ့ ဋ္ဌာနဆိုင်ရာတွေပါဝင်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဟာ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ အတူ ဒီကနေ့မနက်ပိုင်းက တနိုင်းဒေသဘက်ကို ထွက်ခွာသွားကြပြီလို့ ဒေါက်တာ ခက်အောင် က ဒီကနေ့ RFA နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

"အထူးသဖြင့် အောင်လွတ်ကျေးရွာပေါ့၊ အဲဒီဘက်မှာ တပ်မတော်ကနေပြီးတော့ အပြီးအပိုင် ရှင်းလင်းပြီးဖြစ် တဲ့အတွက် ပြည်သူတွေက ပြန်လာနေလို့ရပြီဆိုပြီးတော့ လာပြီးအကြောင်းကြားပါတယ်။ တိုင်းမှူးကနေ ပြီးတော့။ နဂိုမူလအတိုင်းပေါ့လေ ပုံမှန်လေးပေါ့ ပြန်ပြီးနေလို့ရပြီပေါ့။ အဲဒီလို တပ်မတော်ကနေ တိုင်းမှူးကြီးက လာပြီးအကြောင်းကြားတယ်။ ကျနော်တို့ အစိုးရပိုင်းကရော ဆန်ကအစ၊ ခေါက်ဆွဲထုပ်၊ လိုအပ်တဲ့ ဆေးဝါး ၊ ကြက်ခြေနီကလည်း အကုန်လုံး အပြည့်အစုံပေါ့။ ဒီမနက် ၉ နာရီ ထွက်သွားပါပြီ"

မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူးနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ မနေ့က တွေ့ဆုံခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တနိုင်းဒေသအပါအဝင် တပြည်နယ်လုံးတည်ငြိမ်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက် ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တနိုင်းမြို့နယ်နဲ့ ဖားကန့်ဒေသတွေဘက်မှာ တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေ အတွင်း ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပေမယ့် နှစ်ဘက်လုံးက မထုတ်ပြန်ခဲ့ပါဘူး။

တိုက်ပွဲတွေအတွင်း လက်နက်ကြီးနဲ့ မြေမြှုပ်ပိုင်း ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ ပြည်သူတချို့ ထိခိုက်သေဆုံး မှုတွေလည်း ရှိခဲ့ပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၁ ကစပြီး တပ်မတော်နဲ့ KIA တို့ကြား ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်း၊ ကချင်၊ ဗမာစတဲ့ တိုင်းရင်းသားပြည်သူတွေဟာ သွားလာလုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေဖြစ်နေသလို စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရသူ ခန့်မှန်း အယောက် ၁ သိန်းဝန်းကျင်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။