ဒေသခံကို ရိုက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ပြန်တောင်းပန်


2017.04.24
yemyintswe-apology-620.jpg တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပဝရွာသား ဦးထွန်းလှ ကို ပြန်လည်တောင်းပန်ပြီး ကျေအေးကြစဉ်
Photo: Myat Ko Ko Facebook

တနင်္သာရီမြို့တိုင်းဒေသကြီး တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပဝရွာသားကို ကိုယ်ထိ လက်ရောက်ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပဝရွာသူရွာသားတွေရှေ့မှာ ဒီကနေ့ ပြန်လည်တောင်းပန်ခဲ့လို့ နှစ်ဖက်ကျေအေးခဲ့တယ်လို့ ပြောပါတယ်။

အခင်းဖြစ်စဉ်က ဒေသခံတွေ ကျောင်းဆောက်တဲ့သူတွေနဲ့ ပြဿနာမဖြစ်အောင် ဝင်ထိန်းရင်းနဲ့ ခုလို ဖြစ်ရတာဖြစ် ပြီး နောက်နောင်အခုလိုမျိုးမဖြစ်ရအောင် ပဝရွာဒေသခံတွေရှေ့မှာ ကတိပေးခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။

"သူ့ကိုကျနော်က ရိုက်ဖို့ရည်ရွယ်တာ မဟုတ်ဘူးခင်ဗျ၊ ကျနော်က သူ့ကို ဒီအခန်းထဲက မောင်းထုတ်တာ၊ သူက လက်ကာလိုက်တယ်ဆိုတော့ ဗွီဒီယိုကလစ်မှာ ပုံစံတစ်မျိုးတော့ဖြစ်သွားတယ်၊ ကျနော် ဒီနေ့သူနဲ့တော့ တွေ့ပြီး သွားပြီခင်ဗျ၊ ဒီဖက်မှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေလည်း ကျနော့်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီးတော့လည်း တောင်း ပန်ပြီးသွားပြီ၊ နောက်နောင်အဲလိုမဖြစ်အောင် ဒီထက်ပိုပြီးတော့ ပြည်သူတွေအတွက် အလုပ်ပိုလုပ်သွားမယ် ဆိုတာကို ကတိပေးပါတယ်ခင်ဗျ၊ ကျေနပ်လက်ခံပါတယ်ခင်ဗျ၊ အဓိက သူနဲ့ ဒီဒေသခံကျောင်းဆောက်တဲ့ ရွာ သားတွေနဲ့  ပွတ်တိုက်မှုဖြစ်မှာစိုးလို့ ကျနော်က ကြားထဲက ဝင်ထိန်းတဲ့သဘောပါ။"

ပြီးခဲ့တဲ့ဧပြီလ ၈ ရက်နေ့က ပဝချောင်းထဲရွာ စာသင်ကျောင်းအသစ်ဆောက်လုပ်နေတာကို ကွင်းဆင်းစစ်ဆေးရင်းနဲ့ ပဝရွာသား ဦးထွန်းလှ ဆိုသူနဲ့ အချင်းများကာ ဦးရဲမြင့်ဆွေက ရိုက်နှက်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှု ကွန်ရက်ပေါ်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့တာပါ။

အရိုက်ခံလိုက်ရတဲ့ ပဝရွာသား ကိုထွန်းလှ ကလည်း အခုလိုတောင်းပန်တာကို ကျေနပ်လက်ခံခဲ့ပြီး အခင်းဖြစ်စဉ်က လည်း ကျောင်းဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး သူ့အမြင်ကိုယ့်အမြင်ချင်း ဆွေးနွေးကြရင်းက ခုလိုပြဿနာဖြစ်သွား ခဲ့ရတာလို့ ပြောပါတယ်။

အဲဒီစာသင်ကျောင်းဆောင်သစ်ကို ကန်ထရိုက်အဖြစ် တာဝန်ယူဆောက်လုပ်ပေးနေသူက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထင်ပေါ် ဆိုသူက တာဝန်ယူဆောက်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။