တနင်္သာရီတိုင်းအစိုးရ ကတိပြုထားတဲ့လုပ်ငန်း ၉၉ ခု မပြီးသေး

ဉာဏ်စိုးဝင်း
2021.01.04

တနင်္သာရီတိုင်းအစိုးရက ဆောင်ရွက်ပေးမယ်လို့ တိုင်းလွှတ်တော်ကို ကတိပြုထားတဲ့ လုပ်ငန်း ၂၅၀ ထဲမှာ ထက်ဝက်ကျော်ကို အကောင်အထည်ဖော်ပြီးခဲ့ပေမယ့် ဆောင်ရွက်ဆဲ လုပ်ငန်း ၇၀ နဲ့ ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့ လုပ်ငန်း ၃၀ နီးပါး ရှိနေပါတယ်။

လက်ရှိအစိုးရက သက်တမ်းကုန်ခါနီးပြီ ဖြစ်တာကြောင့် မပြီးစီးနိုင်သေးတဲ့လုပ်ငန်းတွေကို အစိုးရသစ်လက်ထက်မှာ ဆက်လက် အကောင်အထည်ဖော်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက တောင်းဆိုနေပါတယ်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရက တိုင်းလွှတ်တော်ကို ကတိပြုထားတာတွေထဲမှာ ဆောင်ရွက်နေတဲ့လုပ်ငန်း ၇၀ နဲ့ မဆောင်ရွက်ရသေးတဲ့ လုပ်ငန်း ၂၉ ခု ကျန်ရှိနေပါတယ်။

လုပ်ငန်းတချို့ အပြီးမသတ်နိုင်သေးတာဟာ စီမံခန့်ခွဲမှုအားနည်းချက်ကြောင့်ဖြစ်ကြောင်း ကျွန်းစုမြို့နယ် အမှတ် ၂ ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ဒီဇင်ဘာ ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

“ပြည်ထောင်စုထံ လမ်းညွှန်ချက်ယူရမယ့်ဟာက လွဲပြီးတော့ ကျန်တဲ့ဟာက တိုင်းအစိုးရအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ရတဲ့ဟာတွေပေါ့နော်၊ တချို့ဟာတွေက စီမံခန့်ခွဲမှု အားနည်းလို့ပဲ ကတိကဝတ်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိတာ တွေ့ရပါတယ်။ အဆိုမှာဆိုရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အဆိုပေါ့၊ ကျွန်တော်တို့ တင်ထားတာ၊ အဲဒါကျတော့ ဆောင်ရွက်နေတယ်၊ မဆောင်ရွက်ဘူးတော့ မဟုတ်ဘူးနော်၊ ဒီကောင်လည်း အရေးကြီးပါတယ်၊ ပြီးတော့ ကိုရဲမြင့်ဆွေ တင်ထားတဲ့ ဆီအုန်းနဲ့ပတ်သက်တဲ့ မစိုက်နိုင်တဲ့ဧကတွေ ပြန်သိမ်းပြီးတော့ ဒေသခံပြည်သူတွေကို လက်ဝယ်ရောက်အောင် ပြန်ပေးဖို့ဆိုတဲ့ အဲဒါလည်း မပြီးပြတ်နိုင်သေးတဲ့ မြေယာပြဿနာကိစ္စတွေပေါ့”

ယခင်အစိုးရတွေ လက်ထက်မှာ လယ်မြေ၊ သစ်တောမြေ ဧကပေါင်း များစွာကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့် အလွန်အကျွံ ချပေးခဲ့တာဖြစ်ပြီး ဒီစီမံကိန်းတွေကြောင့် မြေယာအငြင်းပွားမှုပြဿနာ အများအပြား ပေါ်ပေါက်ခဲ့ရာမှာ ဝန်ကြီးပြောသလို တိုင်းအစိုးရက ပြီးမြောက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

တိုင်းအစိုးရ ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ထဲမှာ သိမ်းဆည်းမြေယာကိစ္စ၊ ညောင်ပင်ကွင်း စားကျက်မြေပယ်ဖျက်ဖို့ကိစ္စ၊ ကံမော်မြို့အဖြစ် သတ်မှတ်ရေးကိစ္စ၊ ဝါးချောင်းကျေးရွာ အမည်ပေါက်ဖြစ်ရေးကိစ္စ၊ မော်ကင်းစာပေကိစ္စ မြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်း ခန့်ထားရေး စတဲ့ကိစ္စတွေ ပါဝင်နေတာ တွေ့ရပါတယ်။

တိုင်းအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုကတော့ ဆောင်ရွက်ဆဲ လုပ်ငန်း ၇၀ ကို လက်ရှိအစိုးရ သက်တမ်းအတွင်းမှာ ပြီးစီးအောင် စီစဉ်နေတယ်လို့ လွှတ်တော်မှာ ပြန်လည်ပြောဆိုခဲ့ပါတယ်။

“ဆောင်ရွက်ရန် ကျန်ရှိမေးခွန်း ၂၉ ခု လုပ်ငန်းများအား စိစစ်ခဲ့ရာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ရမည့် လုပ်ငန်း ၁၀ ခုအား ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးမှ ဆောင်ရွက်ရမည့် ကျန်လုပ်ငန်း ၁၉ ခုအား ရန်ပုံငွေ ရရရှိမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး တတိယအကြိမ် အစိုးရသက်တမ်းသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်ရှင့်”

ကျန်ရှိနေတဲ့ လုပ်ငန်းတွေကို အစိုးရသစ်လက်ထက်မှာ ဆက်လက်အကောင်အထည်ဖော်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တောင်းဆိုနေပါတယ်။

ဒေါက်တာထူးနေအောင်ကလည်း လွှတ်တော်အစည်းအဝေးမှာ အလားတူ တင်ပြခဲ့ပါတယ်။

“လွှတ်တော်ကိုယ်စားများရဲ့ အင်တိုက်အားတိုက် ကြိုးပမ်းမှုများ အလဟဿ မဖြစ်ရလေအောင် ပြည်သူ့မျှော်လင့်ချက်များ ရေစုန်မျှောမသွားရလေအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မပြီးပြတ်နိုင်သေးသော လုပ်ငန်းစဉ်များအားလုံးကို အစိုးရအဖွဲ့အသစ်က ဆက်လက်အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်၊ စာရင်းဇယားများ လွှဲပြောင်းပေးရန် အရေးတကြီး လိုအပ်လျက်ရှိနေပါတယ်”

လုပ်လက်စ လုပ်ငန်းတွေ မပြီးစီးသေးရင် အစိုးရသစ်ကို လွှဲပြောင်းပေးသွားမယ်လို့ ဝန်ကြီး ဒေါ်ရီရီချိုက ပြောပါတယ်။

“အချို့ကျတော့ စီမံခန့်ခွဲမှုကျတော့ သူက ဌာနအလိုက် သွားနေရတာရယ်၊ ဥပမာ မြေယာကိစ္စဆိုရင် သူက လုပ်ထုံးလုပ်နည်းအရ ကြာတာရယ်၊ ဥပမာ ကျေးရွာအမည်ပေါက်တာတို့ ဘာတို့ဆိုရင် ပြည်ထောင်စုနဲ့လည်း ချိတ်ဆက်ပြီးဆောင်ရွက်ရတာရယ် အဲဒါတွေက လုပ်ငန်းတွေက ကြာနေတာပေါ့၊ အခုလိုမျိုး ကတိကဝတ် ဖြစ်သွားပြီးဆိုရင် မဖြစ်မနေ ကျန်ရှိတဲ့ဟာကို ဆက်သယ်သွားရမှာပေါ့”

တိုင်းလွှတ်တော် ဒုတိယအကြိမ် သက်တမ်းမှာ အဆို ၁၂ ခု အတည်ပြုခဲ့ပြီး၊ အမတ်တွေက ကြယ်ပွင့်ပြမေးခွန်း ၃၉၂ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၃၃ ခု မေးမြန်းခဲ့ပါတယ်။

ကြယ်ပွင့်ပြမေးခွန်းဆိုတာ လွှတ်တော်အစည်းအဝေးအတွင်း တိုင်းအစိုးရအဖွဲ့ကို တိုက်ရိုက်မေးမြန်းတာဖြစ်ပြီး ကြယ်ပွင့်မပြမေးခွန်း ဆိုတာကတော့ သက်ဆိုင်ရာ ဌာနတွေကို ပေးပို့မေးမြန်းတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။