တနင်္သာရီလွှတ်တော်ဥက္ကဋ္ဌ ဆေးခွင့် နှစ်လယူ

2018-08-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ကို တွေ့ရစဉ်
Photo: Tanintharyi Region Hluttaw - facebook

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ဟာ ကျန်းမာရေးကြောင့် ခွင့် နှစ်လ တင်ထားပါတယ်။

ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသဖို့ နှစ်လခွင့်ယူထားတာလို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး က ပြောပါတယ်။

"သူက ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသဖို့အတွက် ပြင်ဆင်ချိန် ခွင့်နှစ်လယူထားပါတယ်။ စက်တင်ဘာလ အတွင်း ရောက်ရင်တော့ လွှတ်တော်ရှိတယ်။ တတိယအပတ်လောက် မှန်းထားပါတယ်။ ပြည်ထောင်စု လွှတ်တော်တွေကနေ ဘားဂျက်တွေ ဥပဒေ ပြန်ကျလာတဲ့အချိန်ပေါ့လေ"

ဦးခင်မောင်အေးဟာ ဇူလိုင်လ ၁၈ ရက်နေ့ကနေ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ဆေးခွင့် နှစ်လ ပေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက၊ နိုင်ငံတော် သမ္မတနဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဦးခင်မောင်အေးဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ အနိုင်ရရှိကာ  လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခံရတာ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလအတွင်း ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုးက တာဝန်ယူရမှာဖြစ်ပါတယ်။

အဲဒီလွှတ်တော်အစည်းအဝေးမှာ ထီးခီးမှာ အကောင်အထည်ဖော် တည်ဆောက်မယ့် မယ့်သမီးခီး စက်မှုဇုန် စီမံကိန်းနဲ့ တနင်္သာရီတိုင်းဒေသကြီး ကမ်းနီးငါးဖမ်းလုပ်ငန်းဥပဒေ(မူကြမ်း)၊ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း (Town Plan) စတာတွေ ဆွေးနွေးဖို့ လျာထားတယ်လို့ သိရပါတယ်။

ဆိုက်တခုလုံးသို့