တောင်ကြီးမှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်


2017.04.20
sai-ngan-rcss-ssa-620.jpg ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်း ကို တွေ့ရစဉ်
Photo: RFA

ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလာမယ့် ဧပြီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

တောင်ကြီးမြို့မှာ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဖိတ်စာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကို ပေးပို့ထားတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

"အခုကျနော်တို့ တောင်ကြီးမြို့မှာ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၃၊ ၂၄နဲ့ ၂၅ မှာ ကျင်းပမှာပါခင်ဗျ။ တောင်ကြီးမြို့မှာပဲ ကျင်းပမှာပါ"

ဆွေးနွေးပွဲ တက်ရောက်ဖို့ အစိုးရက မနေ့ကရက်စွဲနဲ့ ဖိတ်စာပေးပို့ထားကြောင်းနဲ့ အဲဒီဆွေးပွဲကို တက်ရောက် မယ် မတက်ဘူးဆိုတာကို ဒီနေ့ RCSS အဖွဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ် သွားမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှုးကြီး စိုင်းငင်း က ပြောပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမှာ လူမျိုးအလိုက်၊ ဒေသအလိုက်နဲ့ အကြောင်းအရာအလိုက် အဆင့်သုံးမျိုး ခွဲခြား ထားတာဖြစ်ပြီး လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပြီးမှသာ ဒေသအလိုက် နိုင် ငံရေးဆွေးနွေးပွဲတွေ ကျင်းပတာက အဓိပ္ပါယ်ပိုရှိမှာဖြစ်တယ်လို့ RCSS/SSA အဖွဲ့က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က လက်ရှိအချိန်အထိတော့ သူတို့ပါတီကို တောင်ကြီးမြို့မှာလုပ်မယ့် ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားထားတာမရှိသေးတဲ့အတွက် တက်ရောက်ဖို့ရှိ မရှိကို မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

"ဖိတ်စာမရောက်ပါဘူးခင်ဗျ။ ၂၃ ရက်နေ့ လုပ်မယ်ဆိုတာကို UPDJC က RCSS ကို လှမ်းပြီးအကြောင်း ကြား တယ်ဆိုတာလောက်ပဲ ကျနော်တို့သိရပါတယ်။ ကျနော်တို့သုံးသပ်မိတာကတော့ "ဝ " ဦးဆောင်တဲ့ NCA လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ရဲ့ သဘောထားတွေလည်း ထွက်လာတယ်။ အဲဒါကို ပြန်ပြီးထိန်းညှိတဲ့ သဘောမျိုးနဲ့ ဒီဘက်မှာ NCA လမ်းကြောင်းကို ပြန်ပြီးလှုပ်လှုပ်ရှား ရှားဖြစ်အောင် လုပ်တဲ့သဘောမျိုးလို့ သုံးသပ်လို့ရပါတယ်။ အဲတော့နောက်ထပ် အချိန်ယူပြီးစဉ်းစားဖို့ လိုအပ်တယ်လို့ပဲ ပြောချင်ပါ တယ်ခင်ဗျ"

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တပ်မတော်က ရှမ်းပြည်နယ် မိုင်းပန်မြို့၊ မုံးထော်/မုံးထမြို့၊ နမ့်ပန်ခွန် မြို့တွေမှာသာ ကျင်းပဖို့ပြောဆိုထားတာဖြစ်ပြီး အဲဒီနေရာတွေမှာဆိုရင် ကိုယ်စားလှယ်တွေ သွားလာရေး၊ နေ ထိုင်စားသောက်ရေးတို့အတွက် အခက်အခဲရှိတာကြောင့် တောင်ကြီးမြို့ ဒါမှမဟုတ် ပင်လုံမြို့မှာ ပြုလုပ်ခွင့်ပြုဖို့ RCSS/SSA အဖွဲ့ကတောင်းဆိုထားတာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။