တောင်တွင်းကြီးမြို့မှာ ဓာတ်ပုံဆရာတစ်ဦး အဖမ်းခံရ
မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ဇွန်လ ၁၀ ရက် မနေ့ညပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်တွေက ဓါတ်ပုံဆရာတစ်ဦးကို ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူဟာ ဓာတ်ပုံဆရာ ကိုမျိုးဝင်းအောင် (ခေါ်) ကိုမျိုး ဖြစ်ပြီး တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁) ရပ်ကွက်၊ နှင်းဆီလမ်းနေအိမ်ကနေ သူ့ကို ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFAကို ပြောပါတယ်။
''မနေ့က ည ၇ နာရီ ကျော်လောက်က သူ့အိမ်ကို စစ်သားတွေနဲ့ ရဲတွေလာ ခေါ်သွားတာ။ စစ်ဆေးစရာ ရှိလို့တဲ့လေ။ ဘာကြောင့်မှန်းမသိဘူး။ ဘယ်ခေါ်သွားမှန်းလည်း မသိဘူး''
ကိုမျိုးဝင်းအောင်ဟာ တောင်တွင်းကြီးမြို့မှာ ကိုယ်ပိုင်ဓာတ်ပုံဆိုင် ဖွင့်ထားပြီး အလှရိုက်သူတွေအပြင် အလှူပွဲ၊ မင်္ဂလာပွဲနဲ့ စျာပန အခမ်းအနားတွေအတွက် ဓာတ်ပုံရိုက်ပေးနေသူ ဖြစ်ပါတယ်။
စစ်တပ်နဲ့ရဲက ဘာကြောင့် သူ့ကို ဖမ်းသွားတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။
တောင်တွင်းကြီးမြို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေ အားကောင်းတဲ့မြို့ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရဲနဲ့စစ်တပ်က တောင်တွင်းကြီး မြို့နယ်ခန်းမမှာ အထိုင်တပ်စွဲထားပြီး အဖမ်းခံရသူ မှန်သမျှ ကို အဲဒီ မြို့နယ်ခန်းမထဲမှာ နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးလေ့ ရှိကြောင်းလည်း လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပြကြပါတယ်။









