ပညာရေးဌာနရဲ့ တင်ဒါခေါ်ယူမှု ရပ်ဆိုင်း


2018.07.11
kayah-school-622.jpg အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းကို တွေ့ရစဉ်
Photo: RFA

၆ လတာ ထပ်တိုးဘတ်ဂျက်မှာ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ချထားပေးတဲ့ ရန်ပုံငွေတွေကို ပြည်ထောင်စုအစိုးရက ရုပ်သိမ်းလိုက်တဲ့အတွက် ပညာရေးဝန်ကြီးဌာနက ခေါ်ယူထားတဲ့ ဆောက်လုပ်ရေးတင်ဒါတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း အကြောင်းကြားစာမှာ ပါရှိတယ်လို့ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း က ပြောပါတယ်။

"အခြေခံပညာဦးစီးဌာနက ၉ ရက်နေ့က ထုတ်ပြန်တဲ့စာအရ ၂၀၁၈ ဧပြီလကနေ စက်တင်ဘာလအထိ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ တည်ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ခွဲဝေချထား ပေးခြင်းအား ပြန်လည် ရုပ်သိမ်းခြင်းဆိုပြီးပါတယ်။ အရင်တုန်းကပေးခဲ့တာကို ဒီစာနဲ့ လွှမ်းမိုးပယ်ဖျက် လိုက်တယ်။ ၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ ဆက်လက်ဆောင်ရွက်ပေးမယ်ဆိုပြီး ပါတာပါ"

ထပ်တိုးဘတ်ဂျက်ဟာ ဧပြီလကနေ စက်တင်ဘာလအထိ ရေးဆွဲထားတဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြစ်ပြီး ဘဏ္ဍာငွေ အခက်အခဲကြောင့် အခြေခံပညာရေးဦးစီးဌာနအောက်က ဆောက်လုပ်ရေးလုပ်ငန်း တင်ဒါတွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

တချို့နေရာတွေမှာ တင်ဒါခေါ်ယူတဲ့လုပ်ငန်း ပြီးလုနီးပါးရှိနေပြီဖြစ်ပြီး တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာဆိုရင် တင်ဒါရရှိထားတဲ့ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုတာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း စတင်တဲ့အခြေအနေအထိ ရောက်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဘာကြောင့် ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုတာကို အသေအချာမသိကြောင်း တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေ က ပြောပေမယ့် ဝန်ထမ်းတွေ လစာတိုးလိုက်တဲ့အတွက် ရေးဆွဲပြီးသား ဘတ်ဂျက်တွေမှာ အခက်အခဲတွေ ရှိသွားတာဖြစ်နိုင်တယ်လို့ ဝန်ကြီးတချို့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။