မောင်တောမှာ အကြမ်းဖက်သင်တန်းပေး တဲ့နေရာ တွေ့ရှိ


2017.06.21
maungtaw-terrorist-tunnel-620.jpg ဘူးသီးတောင်- မောင်တောဒေသ မေယုတောင်ကြာပေါ်မှာ အကြမ်းဖက်သင်တန်းများပေးတဲ့အခါ အသုံးပြုတဲ့ ဥမင်လှိုင်ခေါင်းနေရာ ကို တွေ့ရှိခဲ့စဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

ရခိုင်ပြည်နယ် မောင်တောမြို့၊ မေယုတောင်ကြားမှာ အကြမ်းဖက်သင်တန်းပေးနေတဲ့အပြင် လူနေဥမင် လှိုင်ခေါင်းတွေပါတွေ့ရတဲ့အတွက် တပ်မတော်ကနယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတရုံးမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောတာဖြစ် ပါတယ်။

"ဘူးသီးတောင် မောင်တော ကိစ္စဖြစ်ပါတယ်၊ ကျနော်တို့မေယုတောင်တန်းပေါ်မှာ အကြမ်းဖက် သင်တန်းတွေဆောင်ရွက်တဲ့ ဥမင်လှိုဏ်ခေါင်းတွေကို မနေ့ကပဲ သတင်းအရ တွေ့ပါတယ်၊ ၂၀ရက်နေ့ မှာ ဘူးသီးတောင်၊ မောင်တောဘက်မှာရှိတဲ့ မွတ်စလင်တွေကို စည်းရုံးပြီးတော့ အကြမ်းဖက်သင် တန်းတွေပေးတယ်၊ မိုင်းသင်တန်းတွေပေးတယ်၊ ပေးပြီးတာနဲ့ အဲ့ဘက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဖို့ စခန်းပေါ့နော် ခြေကုပ်စခန်းသဘောမျိုးလုပ်နေတယ်ဆိုတဲ့ သတင်းတွေကို ရတယ်၊ ရတဲ့အခါ ကျတော့ ကျနော်တို့ ၂၀ရက်နေ့မှာ သွားပြီးနယ်မြေရှင်းလင်းတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က တွေ့ရှိတဲ့ ရှင်းလင်းမှုမှာ လုပ်သေနတ်တွေ၊ ယမ်းတွေ၊ လူနေတဲတွေ၊ စားနပ်ရိက္ခာတွေ အပြင် လူနေလှိုဏ်ခေါင်းတွေ တွေ့ရှိထားတယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်မှာ အကြမ်းဖက်သမား ၃ ဦးကို အသေဖမ်းဆီးရမိထားပြီး လူ ၁၀၀ ခန့်ကို အကြမ်းဖက်သင်တန်းတွေ ပေးတာကိုလည်း စစ်ချက်တွေ ရရှိထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖမ်းမှုဖြစ်စဉ်ကနေ ယနေ့အချိန် အထိ လူပုဂ္ဂိုလ် ၆၁၀ ကျော်ကို ဖမ်းဆီးထားပြီး ၅၀၀ ကျော်ကို ရုံးတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီအကြမ်းဖက်မှုတွေနောက်ကွယ်က ခိုင်းစေနေတဲ့နိုင်ငံတွေကို သိရအောင် စစ်ဆေးနေသလို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။

ဒါ့အပြင် Euro Burma office တာဝန်ခံ ဦးဟန်ညောင်ဝေ ကို မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ မပေးတော့ဘူးလို့ သတင်းတွေ ရေးသားနေတာ မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ အရင်က ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်နေတဲ့အတွက် အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာ ပေးခဲ့ပြီး လက်ရှိမှာ အရင်လို ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်တာ မရှိတော့အတွက် မပေးတော့တာဖြစ်ကြောင်း လူမှုရေး ဗီဇာနဲ့ ဝင်ထွက်သွားလာနိုင်ကြောင်း ဦးဇော်ဌေးက ပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။