ထိုင်းက မြန်မာလုပ်သားတွေရဲ့ ရှေ့နေ တရားစွဲခံရတဲ့ အမှုကနေ လွတ်မြောက်

စမ်းစမ်းတင်
2020.10.29

ရွှေ့ပြောင်းအလုပ်သမားတွေအရေးအကျိုးဆောင် ဗြိတိန်လူမျိုးအလုပ်သမားအရေး လှုပ်ရှားသူ  Andy Hall ကို အသရေဖျက်မှုနဲ့တရားစွဲဆိုထားတာကို ထိုင်း Natural Fruit Co. က ဒီလ ၂၈ ရက်နေ့က အမှုရုပ်သိမ်းသွားပါတယ်။

အမေရိကန်ဒေါ်လာ ၉ သန်း ၆ သိန်း တန် တရားမမှုကို ရုပ်သိမ်းသွားတာလည်းဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်နေတဲ့ နာနတ်သီး ထုတ်လုပ်တဲ့ ကုမ္ပဏီက အသရေဖျက်မှုနဲ့ ၂၀၁၃ က  တရားစွဲဆိုခဲ့တာပါ။ တရားလိုရှေ့နေက အမှုရုပ်သိမ်းစာတင်တာဖြစ်ပြီး Andy Hall မှာ အပြစ်မရှိကြောင်း ထိုင်းတရားရုံးချုပ်က အမိန့်ချမှတ်ထားပြီးဖြစ်တယ်လို့ Finnwatch အစိုးရ မဟုတ်တဲ့ အဖွဲ့ကပြောပါတယ်။ Finnwatch အတွက် သုတေသနလုပ်တဲ့ အစီရင်ခံစာကြောင့် Andy Hall တရားစွဲဆိုခံရတာလည်းဖြစ်ပါတယ်။  Natural Fruit Co. ကုမ္ပဏီပိုင် စက်ရုံတရုံကအလုပ်သမားတွေ ခေါင်းပုံဖြတ်ခံရ၊ မတရား အသုံးချခံရတယ်လို့ ၂၀၁၃ မှာ Finnwatch က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာပါရှိပါတယ်။

မြန်မာနိုင်ငံရောက်ချိန် Al-Jazeera သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Andy Hall  ပြောကြားတာတွေဟာ ကုမ္ပဏီဂုဏ်သတင်းကို ညှိုးနွမ်းစေတယ်လို့ Natural Fruit Co. က စွပ်စွဲပါတယ်။
Andy Hall ဟာ ဖင်လန်နိုင်ငံ ဟယ်ဆင်ကီအခြေစိုက် Finnwatch အဖွဲ့က ၂၀၁၃ မှာ ထုတ်ပြန်လိုက််တဲ့ Cheap Has a High Price အစီရင်ခံစာပြုစုဖို့ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့  Natural Fruit စက်ရုံက အလုပ်သမား ၈၀၀ ထဲက တချို့ကို ၂၀၁၂ မှာ စစ်တမ်းကောက်ပါတယ်၊ ဒီထဲ အလုပ်သမားအများစုက မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ အစီရင်ခံစာ ထွက်လာတဲ့နောက် Natural Fruit Co. က Andy Hall ကို အသရေဖျက်မှုနဲ့ ကွန်ပျူတာဆိုင်ရာ ပြစ်မှုစတာတွေနဲ့ တရားမမှု နှစ်မှုစွဲဆိုပါတယ်။ ခုတော့ နှစ်မှုစလုံးအတွက် Andy Hall မှာ အပြစ်မရှိကြောင်း ထိုင်းတရားရုံးချုပ်က အမိန့်ချမှတ်လိုက်ပါတယ်။

Finnwatch ဟာ စီးပွားရေးလုပ်ငန်းတွေကြောင့် ကမ္ဘာကို ဂယက်ဖြစ်ရတာတွေ စုံစမ်းဖော်ထုတ်တဲ့ အဖွဲ့ဖြစ်ပါတယ်။ Al-Jazeera သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းဟာ ထိုင်းတရားစီရင်ပိုင်ခွင့် နယ်နိမိတ်ပြင်ပမှာ ကျရောက်တဲ့အကြောင်းနဲ့ သူ့ ဆောင်ရွက်ချက်တွေဟာ အများပြည်သူအကျိုးအတွက် ဖြစ်တယ်လို့  တရားရုံးချုပ်က မှတ်ချက်ချပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ဆုံမေးမြန်း၊ အချက်အလက်စုဆောင်းတာတွေ လူ့အခွင့်အရေးချိုးဖောက်တာတွေကို သုတေသနလုပ်တာဟာ ရာဇဝတ်မှု မမြောက်ဘူးလို့ Finnwatch အမှုဆောင်အရာရှိချုပ် Sonja Finer ကလည်း  ပြောပါတယ်။ တဖက်ရှေ့နေက အမှုရုပ်သိမ်းစာ တင်တာဖြစ်ပြီး Andy Hall မှာ အပြစ်မရှိကြောင်းလည်း ထိုင်းတရားရုံးချုပ်က အမိန့်ချမှတ်ထားပြီး ဖြစ်တယ်လို့  Finnwatch က ကြေညာချက်ထုတ်ပြန်ပါတယ်။ တဆက်တည်းမှာပဲ ထိုင်းနိုင်ငံဟာ အသရေဖျက်မှုဆိုင်ရာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့နဲ့ လူ့အခွင့်အရေး အကာအကွယ်ပေးရေး ခြေလှမ်းပိုလှမ်းဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း ပြောပါတယ်။

Finnwatch အစီရင်ခံစာနဲ့ ပတ်သက်ပြီး Andy Hall ကို ဘန်ကောက်တောင်ပိုင်းခရိုင် ပြစ်မှုဆိုင်ရာ တရားရုံးက ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ထိုင်းဘတ်ငွေ တသိန်းခွဲ ကျခံစေဖို့ ပြစ်ဒဏ်ချမှတ်ပါတယ်။ အဲဒီလို ပြစ်ဒဏ်ချမှတ်ခံရပြီးတဲ့နောက် နှစ်လအကြာ နိုဝင်ဘာမှာ  Andy Hall ဟာ ထိုင်းနိုင်ငံက ထွက်ပြေးရပါတယ်။

ခုတော့ ဒီအမှုတွေက ကွင်းလုံးကျွတ် လွတ်သွားပါပြီ။ အလုပ်သမားတွေအရေး ဆက်လက်အကျိုးဆောင်မယ့် Andy Hall ကတော့ တရားဝင်လုပ်ငန်းတွေရဲ့ အကျိုးစီးပွားကို အန္တရာယ်ပေးဖို့ မရည်ရွယ်ဘဲ သူ့ဆောင်ရွက်ချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင် ညှိနှိုင်းဖို့ လမ်းဖွင့်မြဲဖွင့်ထားပါတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။