ထိုင်းမှာ လူကုန်ကူးမှု ပပျောက်ရေး ဆုတံဆိပ်တွေကို မြန်မာတွေရရှိ


2016.09.15
mat-620.jpg ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စင်ထရယ်ဟိုတယ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် ကူညီခဲ့သူတွေကို ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကျင်းပစဉ်
Photo:MAT

ထိုင်းနိုင်ငံ လူကုန်ကူးမှု လျော့နည်းပပျောက်ရေးမှာ ကူညီဆောင်ရွက်ခဲ့သူတွေကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး စုံစမ်းထောက်လှမ်းရေး DSI အဖွဲ့က ဂုဏ်ပြုလွှာနဲ့ ရွှေတံဆိပ်ဆုတွေ ချီးမြှင့်ခဲ့ရာမှာ ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်းနဲ့ မြန်မာသံရုံးတို့ကိုလည်း ပေးအပ်ခဲ့ ပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနား မှာ နိုင်ငံတကာသံရုံးတွေက သံအရာရှိတွေနဲ့ လူကုန်ကူးမှုမှာ ပူးပေါင်းပါဝင်ကူညီခဲ့ကြသူ ၁၉  ယောက်ကို ဆုချီးမြှင့် ခဲ့ရာမှာ မြန်မာနိုင်ငံသားအရေး ကူညီဆောင်ရွက်ပေးနေကြသူတွေကိုလည်း ဆုပေးအပ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ဆုလက်ခံရယူခဲ့တဲ့ MAT အဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

"မနေ့က ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ Department of Special Investigation ပေါ့၊ သူတို့ရဲ့ လူကုန်ကူးမှု လျော့နည်းပပျောက် ဝိုင်းဝန်းကူညီပေးကြတဲ့ဆုပေါ့၊ နာမည်ကတော့ ဘယ်လိုရေးထားလဲဆိုတော့ DSI Model Network လို့ရေးထားတယ်၊ သူတို့ပြောတာ ကတော့ သူတို့နိုင်ငံရဲ့ ဒီလူကုန်ကူးမှု အဆိုးဆုံးအဆင့် သုံးကနေ နှစ်သို့ လျော့နည်း သွားအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ ထိုင်းနိုင်ငံသား အပါအဝင် နိုင်ငံခြားသံရုံးက သံတမန်တွေ နောက်ပြီးတော့ မြန်မာထဲကတော့ ကျနော် ရယ် နောက်ပြီးတော့ မြန်မာသံရုံးကိုလည်း ပဲ ပေးတယ်ဗျ"

လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် ကူညီခဲ့သူတွေကို ဂုဏ်ပြုဆုပေးအပ်ခဲ့တဲ့ အဲ့ဒီအခမ်းအနားမှာ နည်းပညာပိုင်ဆိုင်ရာ ကူညီပံ့ပိုးပေးသူတွေ၊ နိုင်ငံတကာက ကူညီပံ့ပိုးခဲ့သူတွေ၊ ထိုင်းနိုင်ငံတွင်းက လူမှုအဖွဲ့အစည်းတွေ အပါအဝင် မြန်မာသံရုံးကလည်း ဆုလက်ခံရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံးကိုယ်စား ဆုလက်ခံရယူခဲ့တဲ့ သံမှူး ဒေါ်စန္ဒီဝင်းကျော် က RFA ကို အခုလို ပြောဆိုပါတယ်။

"သံရုံးက သူတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့အတွက် သူတို့က ဆုပေးတာပါ၊ အသိအမှတ်ပြုတာပေါ့နော် ၊ ကျေးဇူးတင်တဲ့အနေနဲ့ ဆုပေးပါတယ်၊ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့်လေ၊ လူကုန်ကူး ကိစ္စ တွေပေါ့နော်၊ ကျမတို့ကတော့ သံရုံးက  အမြဲတမ်း ဒီကိစ္စတွေကို ဆောင်ရွက်ပေးနေတာဆိုတော့လေ ဒါပေမဲ့ သူတို့နဲ့ ပိုပြီးတော့ နီးနီးစပ်စပ်ရှိတော့ အလုပ်လုပ်ရတာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ရှိတာပေါ့နော်၊ ပိုပြီးတော့ ရင်းနှီးသွားတာပေါ့"

ဂုဏ်ပြုဆုရရှိခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ဟာ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရဲ့ ဦးဆောင်မှုနဲ့ သံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဖွဲ့စည်းပြီး လူကုန်ကူးမှု တားဆီးနှိမ် နင်းရေးတွေကို ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

MAT အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်နဲ့ ၂ဝ၁၄ ခုနှစ်တွေကလည်း ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ Anti-Human Trafficking Division (AHTD) အဖွဲ့ကနေပြီး ဂုဏ်ပြုလွှာနဲ့ ထိုင်းဘတ်ငွေ တစ် သောင်းခွဲ ဆုချီးမြှင့်တာခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။