စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ထိုင်းအစိုးရ လက်မခံ

စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို ထိုင်းကလက်မခံနိုင်ဘဲ မြန်မာ စစ်ကောင်စီကိုလည်း ပြောကြားတဲ့အကြောင်း ကိုယ်တိုင်လည်း စစ်အာဏာသိမ်းခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာက မနေ့ကပြောကြားလိုက်ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ၆၀၀ နီးပါးထိ သတ်ဖြတ်ခံရချိန်မှာ လူသိရှင်ကြား ထုတ်ပြန်တဲ့ အပြင်းထန်ဆုံးကြေညာချက်မှာ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်တာလို့ Benar News ကဖော်ပြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးတယ် လို့လည်း အစိုးရအိမ်တော်မှာ မနေ့ကကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ကာကွယ်ရေးဝန်ကြီး လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ချန်အိုချာက အခိုင်အမာပြောတယ်လို့ Bangkok Post က ဒီနေ့ဖော်ပြပါတယ်။

မြန်မာနိုင်ငံကိစ္စဖြေရှင်းဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အစိုးရက အကြံပေးနေပြီး အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်းအဝေး မကြာခင်ကျင်းပမယ်လို့လည်း ပြောပါတယ်။