ကိုရိုနာကာလစောင့်ကြည့်ခံရချိန် စည်းကမ်းပျက်ကွက်သူ ထောင်ခြောက်လကျ

ခေမဏီဝင်း
2020.04.03

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပက ပြန်လာသူတွေ ၁၄ ရက်စခန်းမှာ နေထိုင်ဖို့ အစိုးရရဲ့ အစီအစဉ်ကို ဒေသတချို့မှာ လိုက်နာမှုအားနည်းပြီး အကူအညီပေးသူတချို့ ရန်မူခံနေရပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာတော့ ၁၄ ရက်စခန်းမှာ နေထိုင်စဉ် စည်းကမ်းမလိုက်နာသူတစ်ဦး ထောင်ဒဏ် ခြောက်လ ချမှတ်ခံလိုက်ရပါတယ်။

အစိုးရက ဒေသန္တရအမိန့် ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး စောင့်ကြည့်ထိန်းချုပ်နေတာကို မလိုက်နာလို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ အမျိုးသားတစ်ဦး ဧပြီ ၂ရက် မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံလိုက်ရပါတယ်။

သူဟာ ထိုင်းနိုင်ငံကနေ ပြန်လာလို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အထက်တန်းကျောင်းမှာ ၁၄ ရက် စောင့်ကြည့်ခံထား ရသူပါ။ မတ် ၃၁ ရက်ညက စောင့်ကြည့်စခန်းကနေ အပြင်ကိုထွက်၊ အရက်သောက်စားပြီး အာဏာပိုင်တွေကို ရန်မူပြောဆိုလို့ ပုလဲမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ၂၀၁၃ ခုနှစ် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) နဲ့ အမှုဖွင့်ခဲ့တာပါ။ ဒီဥပဒေပုဒ်မအရ ပြစ်မှုထင်ရှားရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒေသန္တရအမိန့်တွေနဲ့ ညွှန်ကြားချက်တွေကို မလိုက်နာလို့ မရဘူးလို့ ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက် က ပြောပါတယ်။

"အမိန့်ချပြီးပြီ၊ ဘာပဲပြောပြော ဒီလိုလုပ်ရတာ စိတ်မကောင်းဘူး၊ စိတ်မကောင်းလို့ မလုပ်ရင်လည်း ဒီထက်ဆိုးတဲ့ ပြသနာတွေကြုံရမှာ၊ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အားလုံးက ဒီအချိန်မှာက အသိတရားနဲ့သွားလို့ မပြည့်စုံဘူး၊ ဒေသန္တရအမိန့်နဲ့ ညွန်ကြားချက်နဲ့ တိတိကျကျလုပ်မှ ရောဂါကထိန်းချုပ်ဖို့လွယ်ကူမှာ"


ကိုရိုနာအန္တရာယ်ကာလမှာ ဒေသန္တရအမိန့်ကို မလိုက်နာလို့ ထောင်ဒဏ်ချမှတ်ခံရတာ ဒါပထမဆုံးဖြစ်စဉ်ပါ။ နေရာတချို့မှာလည်း အမှုဖွင့်ထားတဲ့ဖြစ်စဉ်တွေ ရှိနေပါသေးတယ်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသူကို  ပုလဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး စောင့်ကြည့်ကာလ ပြည့်သွားရင်တော့ မုံရွာမြို့ အကျဉ်းထောင်ကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။

ပုလဲမြို့မှာ မတ်လ ၂၄ ရက်နေ့ကစလို့ လူစုလူဝေးတွေမလုပ်ဖို့၊ သင်္ကြန်မဏ္ဍပ်တွေ မဆောက်ဖို့၊ ပြည်ပကနေ ပြန်လာသူတွေ ၁၄ ရက်ကြာ စောင့်ကြည့်ခံဖို့ စတဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။ ဒီအမိန့်ဟာ ဧပြီလကုန်အထိ သက်ရောက်မှာပါ။

လူအဝင်အထွက်များတဲ့နေရာတွေမှာ ကိုယ်အပူချိန် စစ်ဆေးတာတွေ၊ ၁၄ ရက် စောင့်ကြည့်ခံရမယ့်သူတွေကို စောင့်ကြည့်စခန်းတွေဆီ ပို့ဆောင်ပေးနေတဲ့ လူမှုအဖွဲ့တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကို မချေမငံပြန်လည်ပြောဆို ရန်မူတာတွေ နေရာတချို့မှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့မှာ ကိုယ်အပူချိန်စစ်ဆေးမခံဘဲ အကူအညီပေးနေသူတွေတွေကို တုံ့ပြန်ပြောဆို ခဲ့တဲ့ကိစ္စဟာ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုများခဲ့ပါတယ်။

ဒေသန္တရအမိန့်နဲ့ ညွှန်ကြားချက် မလိုက်နာသူတွေကို အရေးယူတဲ့ အစီအစဉ်ကို မိုးကုတ်မြို့မှာနေထိုင်တဲ့ လူမှုရေးလုပ်ကိုင်နေသူတစ်ဦးက ထောက်ခံပါတယ်။

"မကူးစက်အောင်နေရင်ကောင်းတယ်။ မိုးကုတ်မှာဖြစ်သွားတာဆိုရင် ကူညီလုပ်ဆောင်ပေးနေတဲ့သူတွေကို မထေမဲ့မြင်လုပ်လိုက်တဲ့ပုံစံပေါ့၊ နိုင်ငံတော်ကချမှတ်တဲ့ ခြောက်လ။  ကျေနပ်ပါတယ်။ ကူညီဆောင်ရွက်ပေးနေ တဲ့သူတွေဘက်ကို အကာအကွယ်ပေးတာ မရှိဘူးဆိုရင် တကယ်ဖြစ်လာရင် ကူညီပေးသူတွေ မထွက်လာ နိုင်တော့ဘူး"

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း ၁၄ ရက် စောင့်ကြည့်စခန်းဆီ ပို့ဆောင်ဖို့ သွားရောက်ခေါ်ဆောင်သူကို ရန်မူပြောဆိုတာတွေ ရှိခဲ့ပါတယ်။

မန္တလေးမြို့က လူမှုကူညီရေးလုပ်ဆောင်နေတဲ့ ကိုအောင်စိုးဦး က ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ သင့်တယ်လို့ ပြောပါတယ်။

"ဒီလိုဖြစ်စဉ်က မဖြစ်သင့်ဘူး၊ ဒီလိုလူမျိုးကို မှတ်လောက်သားလောက်ဖြစ်အောင် အရေးယူမှ နောက်လူတွေ ဆက်မလုပ်ရဲမှာ"

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တကမ္ဘာလုံးမှာ သောင်းနဲ့ချီ သေဆုံးနေပြီး  ဧပြီ ၂ ရက်ညပိုင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်တွင်းမှာ ကူးစက်ခံထားရသူ အယောက် ၂၀ ရှိနေပါတယ်။

အဲဒီထဲမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လာသူအများအပြား  ပါဝင်သလို သူတို့ကတဆင့် ကူးစက်ခံထားရသူ တချို့လည်း ပါဝင်ပါတယ်။ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ စောင့်ကြည့်ခံရတာကို နားလည်လက်ခံပြီး လိုက်နာ ပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။