ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို ထိုင်းက ကူညီမည်
2011.01.23
၁၄ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အကြို ထိုင်းနိုင်ငံ ဟွာဟင်တွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် (ဝဲမှယာ) ဖိလိပိုင်မှ အယ်လ်ဘတ်တို ရိုမြူလို၊ စင်ကာပူမှ ဂျော့ချ် ယော၊ ထိုင်းမှ ခါဆစ် ပီရိုမြာ၊ ဗီယက်နမ်မှ ဖမ်ဂီယာခင်မ်နှင့် မြန်မာမှ ဦးဉာဏ်ဝင်းတို့ လက်ချင်းတွဲ ဓာတ်ပုံ အရိုက်ခံနေပုံ ဖြစ်ပါသည်။ (Photo: AFP)
သောကြာနေ့က တနာရီကြာ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ ထင်ရှားသူ၊ လူမျိုးစုတွေကို ကိုယ်စားပြုသူ အတိုက်အခံခေါင်းဆောင် ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး သတင်းရပ်ကွက်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး MCOT သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ မြင့်မားလာရေးအတွက် အဓိက ခြေလှမ်းဖြစ်တယ်လို့ ယုံကြည်ကြောင်း၊ ထိုင်းနိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံကို အကူအညီပေးဖို့ အသင့်ရှိနေကြောင်း ပြောဆိုပါတယ်။
ပီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကနေ မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ချမှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည် သုံးသပ်သင့်တယ်လို့ တောင်းဆိုခဲ့တာကိုလည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးကို ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီတွေ့ဆုံမှုဟာ ရင်းနှီးချစ်ကြည်မှု ရှိတဲ့ တွေ့ဆုံပွ ဲဖြစ်ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ထုတ်ပြန်တာ မရှိသေးပါဘူး။









