နေ့ရောညပါ ပိတ်လှောင်ခိုင်းစေခံရသူ မြန်မာ ၃၉ ဦးကို ထိုင်းရဲကယ်တင်

ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ်က လေးနိုင်မြို့နယ် ဒါချတာလမ်းမ သုစဝါလမ်းသွယ်မှာ ရှိတဲ့ ရှမ်းတရုတ်ပိုင် အိမ်တွင်း အထည်ချုပ်စက်ရုံ ၃ ရုံမှာ တံခါးပိတ်ပြီး နေ့ရောညပါ အခိုင်းခံနေရတဲ့ မြန်မာအလုပ်သမား ၃၉ ယောက်ကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဧပြီ ၁၉ ရက် နေ့လည်ပိုင်းမှာ စက်ရုံတွင်း ဝင်ရောက်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်၊

2011.04.19
migrant_thai_factory_305_z.png ထိုင်းနိုင်ငံရှိ စက်ရုံတခုတွင် အလုပ်လုပ်နေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား တဦး ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

အဲဒီ မြန်မာအလုပ်သမား ၃၉ ဦးမှာ အမျိုးသမီး ၃၀ နဲ့ အမျိုးသား ၉ ဦး ပါဝင်ပါတယ်။ သူတို့အားလုံးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေတဆင့် လူကယ်ရီတွေက ဗန်ကောက်ကို ပို့ပြီး အထည်ချုပ်စက်ရုံ အလုပ်ရှင်က ခေါ်ယူ ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာ စက်ရုံလုပ်ငန်းပိုင်ရှင်ကို ဖမ်းပြီး မြန်မာအလုပ်သမားတွေကို ကယ်ထုတ်နိုင်ခဲ့တဲ့ အခြေအနေကို ထိုင်းအစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများအဖွဲ့ ဘီအေဘီ တာဝန်ခံ ဦးကျော်သောင်းက အခုလို ပြောပါတယ်။ 

“သုစဝါလမ်းသွယ်မှာရှိတဲ့ အိမ်တွင်းစက်ချုပ် ၃ ရုံပေါ့နော် အဲဒီက အလုပ်သမား မိန်းကလေး ၃၀ ယောက်ျား ၉ ယောက်ကို ကျနော်ဒီမှာ Anti-Human Trafficking Division ဆိုတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့မှ ကျနော်လာပြီးတော့ ကယ်တင်နိုင်လိုက်တယ်ပေါ့။ ဒီအဖွဲ့ကို သူဌေးတွေ ဖွင့်ပေးတာမဟုတ်ဘူး သူတို့ လှေကားနဲ့ ကျော်တက်တယ်၊ နောက်ပြီးတော့ အပေါ်က သံတခါးကို ကျော်တက်ပြီးတော့မှ သော့ကို ရိုက်ဖျက်ပြီးတော့မှ ဝင်ရတာ။ ဒီနေ့ှ ၁၂ နာရီခွဲမှာ ဖမ်းတယ်။ လုပ်ငန်းရှင်က ဗမာပြည် ရှမ်းတရုတ်၊ ယောက်ျားက တရုတ်နိုင်ငံကြီးသား အလုပ်သမားတွေ မဖမ်းခင် သူတို့ သူဌေးလင်မယားကို ဖမ်းတယ်။”

 အဲဒီ အထည်ချုပ်စက်ရုံ ၃ ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်သားတွေကို လုပ်ငန်းရှင်က လူကယ်ရီတွေကနေတဆင့် ဘတ်ငွေ ၁၂,၀၀၀ ကနေ ၁၄,၀၀၀ ထိ အကုန်အကျခံ ခေါ်ယူခဲ့တာလို့ သိရပါတယ်။

အဲလိုခေါ်ယူခဲ့တဲ့ အလုပ်သမားတွေကို လုပ်ငန်းရှင်က ခေါ်စရိတ်ငွေ ကျေတဲ့အထိ အလုပ်ကို နေ့ရောညပါ ခိုင်းစေခဲ့ပြီး လုပ်အားခဟာလည်း အဆမတန်နည်းတဲ့အကြောင်းနဲ့ ငွေကျေရင်လည်း ဘယ်မှာ ထွက်မသွားနိုင်အောင် စက်ရုံတွင်း ပိတ်လှောင်ပြီး ခိုင်းစေတယ်လို့ ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့တဲ့ အထဲမှာ ပါတဲ့ မြန်မာအလုပ်သမ မသော်တာက အခုလို ပြောပါတယ်။

“သမီး မနှစ်က ရှစ်လပိုင်းကတည်းက ရောက်ပါတယ်၊ သမီးကို ၁၄,၀၀၀ နဲ့ ခေါ်လာတယ်။ အကြွေးမကျေသေးဘူးရှင့်။ ပွိုင့်စာချုပ်တဲ့အခါ ပိုက်ဆံမရပါဘူး။ သမီးတို့ဆို ညဉ့်နက်အောင် အလုပ်လုပ်ရပြီး ပိုက်ဆံမရပါဘူး၊ ဘယ်မှလည်း ပေးမထွက်ဘူး။ အဲလိုမျိုး သော့ခပ်ပြီး ထားထားတဲ့ အခါကျတော့ သမီး အဲဒီနေ့က တံခါးလေး ဖွင့်ထားတဲ့အခါကျတော့ သမီးထွက်ပြေးသွားပါတယ်၊ ထွက်ပြေးတဲ့အချိန်မှာ နောက်ကနေ သူတို့ ပုလိပ်နဲ့ ပြန်လိုက်ဖမ်းပါတယ်။ သမီးတို့ နှစ်ယောက်ကို ဒဏ်ငွေဆိုပြီး တသောင်း ဒဏ်တပ်ပါတယ်၊ အခု အဲဒီ ၅၀၀၀ အတွက် အလုပ်ပြန်လုပ်နေရတယ်။

အထည်ချုပ်စက်ရုံတွင်း ပိတ်လှောင်ပြီး နေ့ရောညပါ အလုပ်လုပ်ကြရပေမဲ့ တလလုံးမှ အများဆုံး ဘတ်ငွေ ၄,၃၀၀ လောက်သာ ရရှိပြီး အဲဒီလုပ်အားခဟာလည်း နယ်စပ်ကနေ ဗန်ကောက်ခေါ်ခဲ့ရတဲ့ လူကယ်ရီကြေး၊ ပုလိပ်ကြေး၊ အဆောင်ခ ရေခ မီးခ စတဲ့ ခေါင်းစဉ်တွေနဲ့ ဖြတ်တောက်လိုက်တဲ့အတွက် အလုပ်သမားတွေ တပြားတချပ်မှ မသုံးစွဲရသလို အဲဒီလို လပေါင်း အနည်းဆုံး ၆ လကနေ ၉ လအထိ အလုပ်လုပ် ပေးခဲ့ကြသူတွေချည်းပဲ ဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ အလုပ်သမားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။