ရိုဟင်ဂျာ ၉၁ ဦး ထိုင်းအာဏာပိုင်တွေ ပြန်ပို့
2011.01.23
ရိုဟင်ဂျာ ဒုက္ခသည်လှေများအား ထိုင်းရေတပ်က ပင်လယ်ပြင်ထဲသို့ ပြန်ပို့ခဲ့ပုံအကြောင်း CNN ရုပ်မြင်သံကြား သတင်းဌာနက ရိုက်ကူးပြသခဲ့သည့် မှတ်တမ်းတင် ဗီဒီယိုကို Amnesty International အဖွဲ့က ၂၀၀၉ ခုနှစ် အတွက် သတင်းမီဒီယာဆု ချီးမြင့်ခဲ့ပါသည်။ (Photo: Screen shot from CNN footage)
ဒီ ရိုဟင်ဂျာ ၉၁ ဦးဟာ ထရန်းခရိုင် ကန်ထန်းမြို့နယ်က ပင်လယ်ကမ်းခြေမှာ မနေ့က လှေကြီးတစီးနဲ့ ရောက်ရှိလာတာဖြစ်ပြီး သူတို့ကို တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ ထိုင်းရေကြောင်း ရဲတပ်ဖွဲ့က ချက်ခြင်း ဖမ်းဆီးခဲ့တယ်လို့ ကန်တန်းမြို့နယ် အရာရှိ Visit Tungpong က ပြောပါတယ်။
အခု ရောက်လာတဲ့ ရိုဟင်ဂျာမွတ်ဆလင် အရေအတွက်ဟာ ထရန်းခရိုင်ထဲကို ရောက်လာသမျှ ရိုဟင်ဂျာ လှေစီးဒုက္ခသည် အုပ်စုတွေထဲမှာ အရေအတွက် အများဆုံးဖြစ်ပြီး သူတို့ကို ထရပ်ကားနဲ့ တောင်ပိုင်း မလေးရှားနယ်စပ်မှာရှိတဲ့ ဆောင်ခလ ခရိုင် လူဝင်မှုကြီးကြပ်ရေးကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဆောင်ခလ လဝက အဖွဲ့ကတဆင့် လာရာ မြန်မာနိုင်ငံဘက် ပင်လယ်ထဲကို လှေနဲ့ ပြန်ပို့မယ်လို့ Mr. Visit က ပြောပါတယ်။
ဒီလုပ်ရပ်ဟာ လူသားချင်းစာနာမှု မူဝါဒတွေနဲ့ ဆန့်ကျင်နေပေမယ့် နိုင်ငံတွင်းကို တရားမဝင် ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံ တရားဥပဒေဘောင်ထဲက ဖြေရှင်းရမှာပဲ ဖြစ်ကြောင်း၊ ဒါမှသာ နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်အောင် တားဆီးရမှာဖြစ်ကြောင်း Mr. Visit က ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ တောင်ပိုင်းပြည်နယ်တွေက ကျွန်းစုတွေမှာ တရားမဝင် နိုင်ငံခြားသား ဝင်ရောက်မှုကို ကာကွယ်တားဆီးနိုင်ဖို့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ ညွန်ကြားထားတယ်လို့လည်း ထိုင်းအစိုးရ သတင်းဌာန MCOT က ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။









