ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘာဒီယားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ သက်တမ်းကုန် စာအုပ်တွေလဲဖို့ စင်တာငါးခု ဖွင့်လှစ်ဖို့ ထိုင်းဝန်ကြီးတွေက ဇူလိုင်လ ၁၃ ရက်နေ့က သဘောတူလိုက်ပါတယ်။
MOU စာအုပ်နဲ့ Certificate of identity -CI မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားပြစာအုပ်တွေ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်လို့ ထိုင်းနိုင်ငံ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ရနောင်း၊ ချွန်ဘူရီနဲ့ ချင်းမိုင်မြို့တွေမှာ တနေရာထဲမှာ အပြီးသတ်လုပ်ဆောင်ပေးမယ့် (One Stop Service) စင်တာ ငါးခု ဖွင့်ပြီး သက်တမ်းတိုးပေးသွားမှာ ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“ထိုင်းနိုင်ငံမှာ စာရွက်စာတမ်း အထောက်အထားတစ်ခုခု ဥပမာ စီအိုင်ဖြစ်စေ၊ ပီဂျေပတ်စပို့စ်ဖြစ်စေ၊ ရှိနေပြီးသား လူတွေအတွက် ထိုင်းအစိုးရကနေ သက်တမ်းတိုးပေးတဲ့ အစီအစဉ်ကို ကိုဗစ်အရေးပေါ် ကာလကြောင့် အခက်အခဲတွေ တွေ့ကြုံနေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေ စာရွက်စာတမ်း သက်တမ်းတိုးဖို့ အမိမြေကို ပြန်ရမှာ သူတို့ အမိမြေကို ပြန်စရာမလိုဘဲနဲ့ ထိုင်းမှာ တနေရာထဲမှာပဲ One Stop Service ရုံး ငါးရုံးဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီမှာမှ ပုံစံသုံးမျိုး ပေးပါတယ်။ ဒါတွေ အားလုံးက ကိုဗစ် တတိယလှိုင်း ပြင်းထန်တဲ့ ထိုင်းနိုင်ငံမှာ ရှိနှင့်ပြီးသား ရွှေ့ပြောင်းလုပ်သားတွေအတွက် ဖြစ်ပါတယ်။ ဒီဥစ္စာကတော့ နှစ်နိုင်ငံညှိနှိုင်း တိုင်ပင်ပြီး ဖွင့်ရပါမယ်”

ရွှေ့ပြောင်းလုပ်သားတွေ ကိုင်ဆောင်ထားတဲ့ စာရွက်စာတမ်း သုံးအုပ်စုအတွက် နေထိုင်ခွင့်သက်တမ်းတိုး ကာလကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ထိ ရရှိမှာ ဖြစ်ပြီး သက်တမ်းတိုးပြီးတဲ့နောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ နေထိုင်လုပ်ကိုင်ခွင့် ရရှိမှာ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
အဲဒီသုံးအုပ်စုမှာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၀ ရက်မှာ နေထိုင်ခွင့်ရအုပ်စု၊ ၂၀၂၀ ခုနှစ် သြဂုတ်လ ၄ ရက်မှာ နေထိုင်ခွင့်ရအုပ်စုနဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁ ရက်ကနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ လေးနှစ် ပြည့် MOU အလုပ်သမားအုပ်စုတွေကို လာမယ့်၂၀၂၂ ခုနှစ် ဇူလိုင်လထိ သက်တမ်းတိုးခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
အရင်က ရွှေ့ပြောင်းလုပ်သားတွေ အလုပ်ထွက်လိုက်လို့ အလုပ်ရှင်ပြောင်းပြီး အလုပ်သစ်ရှာတဲ့အခါ အလုပ် ထွက်ပြီး ရက် ၃၀ အတွင်း ရှာရတာ ဖြစ်ပါတယ်။ အခုတော့ ရက် ၆၀ အတွင်း အလုပ်ရှင်ရှာခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ သက်တမ်းတိုးနေဆဲ ကာလမှာ ရှိရင်းစွဲ အထောက်အထားတွေ သက်တမ်းကုန်ဆုံးပြီး တရားမဝင် အလုပ်သမားတွေ ဖြစ်မသွားအောင် ပုဒ်မ ၁၇နဲ့ ပုဒ်မ ၁၄ လူဝင်မှုကြီးကြပ်ရေးအရ ဆက်လက်နေထိုင် လုပ်ကိုင်သွားခွင့် ပြုပေးမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်အကိုင်ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေကို သက်တမ်းတိုးပေးတာ ကောင်းပေမယ့် သက်တမ်းတိုးဖို့ ကုန်ကျစရိတ်တွေ များနေလို့ လူမှုဖူလုံကြေး၊ ကျန်းမာရေးစစ်ဆေးခတွေ လျှော့ပေါ့စေလိုတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
"စာရွက်စာတမ်းတွေ သက်တမ်းတိုးတာ ကောင်းတယ်။ သို့သော် စာရွက်စာတမ်း ကုန်ကျစရိတ်က ကြီးတယ်။ မူလတုန်းကလည်း စာရွက်စာတမ်း သက်တမ်းတိုးတဲ့ နေရာမှာ ကျန်းမာရေး စစ်ဆေးခတွေ၊ လူမှုဖူလုံကြေး အာမာခံကြေးတွေ ယူထားတာက တမျိုး၊ အလုပ်သမားတွေ ကိုဗစ်ကြောင့် အလုပ်အကိုင် ရှိလိုက် မရှိလိုက်၊ အခြေအနေမျိုးမှာ ပိုးတွေ့တဲ့အချိန်မှာ လူမှုဖူလုံကြေး အကျိုးပြန်လည်ခံစားခွင့် မရှိသလောက် ဖြစ်နေတယ်။ ဒီအခါကျတော့ ကိုယ်ကိုင်ထားတဲ့ ယုံကြည်မှုမရှိတော့ဘူး။ အဲ့တော့ ဥပဒေအတိုင်း ခံစားခွင့် အပြည့်အဝ ပေးလိုက်ပါ”

ကိုင်ဆောင်ထားတဲ့ အထောက်အထားတွေ ကုန်နေတဲ့အချိန် ဖြေလျှော့ပေးလို့ ထိုင်းအစိုးရကို ကျေးဇူးတင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား မစုက ပြောပါတယ်။
“ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဒီလိုမျိုး အခွင့်အရေးပေးတာ။ မြန်မာပြည်သားတွေအနေနဲ့ အခုလို အချိန်မှာ တော်တော်လေး ဒုက္ခရောက်နေတယ်ပေါ့။ ရောဂါတွေက တမျိုး၊ အလုပ်အကိုင် မရှိတာတဖုံ၊ အခု လောလောဆယ် အရမ်းကြီးကို ဒုက္ခရောက်နေတဲ့ အချိန်မှာ သူတို့ (ထိုင်းအစိုးရ)က ဒီလို အခွင့်အရေးပေး လိုက်တဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ အခုလောလောဆယ်မှာ ဘာမှ မရှိတဲ့လူတွေ ပတ်စပို့စ်တွေ ဗီဇာတွေ ကုန်နေတဲ့လူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်”
တနေရာထဲမှာ အပြီးသတ်လုပ်ဆောင်ပေးမယ့် (One Stop Service) စင်တာ ဖွင့်လှစ်နိုင်ဖို့ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက် တရားဝင် အကြောင်းကြားစာ တောင်းခံထားတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား နှစ်သန်းခွဲကျော်ရှိပြီး တစ်သန်းခွဲကျော်က မြန်မာနိုင်ငံက ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။