ဆင်ဆာမတင်တဲ့ သံချပ် ၄ ဖွဲ့ မဏ္ဍပ်မှာ ဖျော်ဖြေခွင့် တားမြစ်ခံရတာရှိ


2019.04.15
oway-thangyat-622.jpg မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအနီးမှာ အိုးဝေသံ သံချပ်အဖွဲ့ ၂၀၁၉ ဧပြီ ၁၅ ရက်နေ့က ဖျော်ဖြေနေစဉ်
Photo: Kyaw Lwin Oo/RFA

ဒီနှစ်သြင်္ကန်မှာ သံချပ်ဆင်ဆာမတင်တဲ့ အိုးဝေသံ၊ ဒေါင်းတို့မျိုးဆက်၊ ကျောင်းနံရံနဲ့ ဒို့အသံ စတဲ့ သံချပ်အဖွဲ့ ၄ ဖွဲ့ဟာ မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် တားမြစ်ခံရတာတွေရှိနေပါတယ်။

ရန်ကုန်တိုင်းအစိုးရက သံချပ်အဖွဲ့တွေကို ဆင်ဆာတင်ဖို့ ညွှန်ကြားထားပြီး ဆင်ဆာမတင်တဲ့အဖွဲ့တွေကို မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့်မပေးဖို့ ညွှန်ကြားထားတာတွေရှိတယ်လို့ အပိတ်ခံရတဲ့ သံချပ်အဖွဲ့တွေက ပြောပါတယ်။

ဆင်ဆာစိစစ်တဲ့ကော်မတီထံ ခွင့်ပြုချက်မတင်တဲ့ သံချပ်အဖွဲ့တွေကို သြင်္ကန်မဏ္ဍပ်တွေက ဖိတ်ကြားပေမယ့် အာဏာပိုင်တွေက အဲဒီမဏ္ဍပ်တွေကို ဖိအားပေးတာတွေရှိတယ်လို့ သိရပါတယ်။

ဒီလိုဆင်ဆာမတင်တဲ့ သံချပ်အဖွဲ့တွေဟာ အရင်နှစ်တွေက ပြိုင်ပွဲဝင်မဏ္ဍပ်တချို့မှာသာ ပြိုင်ပွဲဝင်ခွင့်မရှိပေမယ့် ဖျော်ဖြေခွင့်ပေးတာတွေရှိခဲ့ပါတယ်။

ဒီနှစ်မှာတော့ မဏ္ဍပ်အတော်တော်များများဟာ အာဏာပိုင်တွေရဲ့ ဖိအားပေးခံရတာကြောင့် ဖိတ်ကြားခြင်း မခံရတာတွေ ရှိနေသလို ဖိတ်ကြားတဲ့နေရာတိုင်းမှာ ဖျော်ဖြေခွင့်မရပါဘူး။

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် နေရာ ၇၀လောက်မှာ ဖျော်ဖြေခဲ့ရပေမယ့် ဒီနှစ်မှာ ဆင်ဆာမတင်တဲ့အဖွဲ့တွေကို လက်ခံဖျော်ဖြေခွင့်မပေးဖို့ အာဏာပိုင်တွေက ဖိအားပေးတာကြောင့် ဖိတ်ကြားတဲ့နေရာတွေ သိသိသာသာလျော့ လာတယ်လို့ ဒေါင်းတို့မျိုးဆက်အဖွဲ့ထံကနေ သိရပါတယ်။

ဒီသံချပ်အဖွဲ့တွေဟာ သံချပ်နဲ့ ဖျော်ဖြေဖို့အတွက် နှစ်စဉ်သိန်းဆယ်ဂဏန်း ကုန်ကျခံထားရပြီး မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့်ရမှသာ သံချပ်ထွက်တဲ့ကုန်ကျစရိတ် ပြန်လည်ရရှိတာဖြစ်တယ်လို့ သိရပါတယ်။

အိုးဝေသံ၊ ဒေါင်းတို့မျိုးဆက်၊ ကျောင်းနံရံ စတဲ့သံချပ်အဖွဲ့ ၃ဖွဲ့ဟာ ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့သံချပ်အဖွဲ့တွေဖြစ်ပြီး ဒို့အသံ သံချပ်အဖွဲ့ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်တဲ့ သံချပ်အဖွဲ့ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။