သာပေါင်းမှာ လယ်သမား ၁၄ ဦး ထောင်ချခံရ


2014.02.28
farmers-plant-305 လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာက တောင်သူ ၁၄ ယောက်ကို ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေမှာ ဝင်ရောက်စိုက်ပျိုးတဲ့အတွက် ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇၊ ကျော်နင်းမှုပုဒ်မ ၄၄၁ နဲ့ သာပေါင်းမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။

အစိုးရက သိမ်းဆည်းထားတဲ့ လယ်မြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်ပေးနေပြီကြားလို့ လယ်ပြန်လည်ရရှိဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြလျှောက်ထားပြီးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်နဲ့ ဝင်ရောက်လုပ်ကိုင်တာလို့ သပြေကျွန်းကျေးရွာက အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုဝင် ဒေါ်အေးမြိုင်က ပြောပါတယ်။

"၂ဝ၁၃၊ ၂ လပိုင်းက နိုင်ငံတော်ကိုပြန်ပြီးတော့ မြေစာရင်းတို့၊ အုပ်ချုပ်ရေးမှူးတို့ကို တင်ပြီးပြန်လျှောက်တောင်းတယ်၊ တောင်းတော့ ၆ လပိုင်း ၁၃ ရက်နေ့က သာပေါင်းမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရယ်၊ ရဲမှူးများရယ် ခေါ်ပြီးတော့ ဒီလူတွေကို  ယာယီလုပ်ဆောင်ပါ၊ ဘယ်သူ့ကိုမှ အပိုင်အဆိုင်မဟုတ်ဘူး၊ အပေါ်စီးကနေကျလာတော့မှ သူတို့ဆုံးဖြတ်ပေးမယ်လို့ အဲလိုအမိန့်ရှိတယ်၊ ပါးစပ်အမိန့်နဲ့ပဲပေါ့"

ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်က အဲ့ဒီကျေးရွာက လယ်ယာမြေ ဧက ၂၀၀လောက်ကို ရေနက်ကွင်း လယ်ယာမြေ စီမံကိန်းအတွက် ဧရာရွှေဝါကုမ္ပဏီက သိမ်းယူခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ၂၀၀၁ ခုနှစ်အထိ ကုမ္ပဏီနဲ့ လယ်သမားတွေ အကျိုးတူပူးပေါင်းလုပ်ကိုင်ရာကနေ ကုမ္ပဏီကိုပေးသွင်းရမယ့် အကြွေးမကျေလို့ဆိုပြီး အကျိုးတူလုပ်ပိုင်ခွင့်ကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီ အကျိုးတူလုပ်ခဲ့တဲ့ လယ်ယာမြေတွေကို ကုမ္ပဏီက တခြားဒေသခံတွေကို ပြန်ရောင်းချခဲ့ပြီး ကုမ္ပဏီက လယ်မြေတွေ ရောင်းချပေးခဲ့သူတွေက အခုလို လယ်သမားတွေကို တရားစွဲတာဖြစ်ပါတယ်။

ဒီအတောအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ပိတ်လိုက်တဲ့ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစိုးရက အဲဒီဆေးရုံ ၂ ခုကို ပိတ်လိုက်ပြီး မြို့နဲ့ဝေးတဲ့နေရာမှာ ကုတင် ၂၀၀ ဆံ့ ဆေးရုံအသစ်ကို ဖွင့်လိုက်တယ်လို့ သိရပါတယ်။ အခု အသစ်ဖွင့်လိုက်တဲ့ ဆေးရုံက မြို့နဲ့ဝေးတဲ့အတွက် သွားလာရခက်ခဲပြီး ကုန်ကျစရိတ်လည်းများတာကြောင့် အရင်ရှိခဲ့တဲ့ ဆေးရုံ ၂ ခုကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုရတာလို့ ဆန္ဒပြရာမှာပါဝင်သူတစ်ဦးဖြစ်တဲ့ လပွတ္တာမြို့ခံ ဦးကြည်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပိတ်လိုက်ပြီးတဲ့နောက် မြို့နဲ့ ၃မိုင်လောက်ဝေးတဲ့ သုံးမိုင်မြို့သစ်မှာ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးကို ဖွင့်လှစ်လိုက်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။